စစ်ကောင်စီတပ်က ပဒါန်းမြို့ကို ခံစစ်အခိုင်အမာပြင်နေပြီး လေကြောင်းနဲ့နေ့စဥ်ဗုံးကြဲ
မြေလတ်အသံ၊ ဇွန် ၁၃၊ ၂၀၂၅။
မကွေးတိုင်း၊ ငဖဲမြို့နယ်အစပ် အမ်း-ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမပေါ်ရှိ နတ်ရေကန်တောင်ဗျူဟာကုန်းအနီးမှာ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်မ ၈၈ နဲ့ ၉၉ တပ်တွေ အထိုင်ချထားတဲ့ အဆိုပါဗျူဟာကုန်းကို အာရက္ခတပ်တော်-AAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဇွန် ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
” ထိတွေ့မှုလေး အနည်းငယ်ပါ။ ဝိုင်းကတော့ ဝိုင်းထားပါပြီ။ စစ်ကြောင်းထိုးတာထက် အပြန်အလှန်ခြောက်တာပါ။ စကစကတော့ နေ့တိုင်းဗုံးကြဲနေတယ်”လို့ မြေပြင်အခြေအနေကိုသိရှိတဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဇွန် ၃ ရက်မှာ အာရက္ခတပ်တော်(AA)နဲ့ပူးပေါင်းတပ်တွေက အမြောက်နဲ့လေကြောင်းရန်ကာကွယ်ရေးစခန်းရှိရာ နတ်ရေကန်တောင်ဗျူဟာကုန်းရဲ့အဓိကကျတဲ့ တာဝါတိုင်ကာကင်းစခန်းကို အပြီးသတ်သိမ်းပိုက်ပြီးနောက် အဆိုပါဗျူဟာကုန်းကို ဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း တိုက်ပွဲဖြစ်နေရာနဲ့အနီးတဝိုက်ကို နေ့စဥ်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
နတ်ရေကန်ဗျူဟာနဲ့ ၁ မိုင်ကျော်သာ ကွာဝေးတော့တဲ့ တာဝါတိုင်စခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းစုစည်းပြီး နတ်ရေကန်ကုန်းကို ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို စစ်ကူပို့ဆောင်နေသလို ပဒါန်းမြို့မှာလည်း စစ်ရေးအခိုင်အမာပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
” စကစကတော့ နတ်ရေကန်မကျရေး ပဒါန်းတပ်နယ်ထဲမှာ အင်အားအလုံးအရင်း စုစည်းနေတာရှိတယ်။ တော်လှန်ရေးအဖွဲ့တွေက နတ်ရေကန်ပြီးရင်(သိမ်းပိုက်ပြီးရင်) ပဒါန်းမြို့ကိုရောက်မှာဖြစ်တဲ့အတွက် ပဒါန်းမြို့မှာတော့ သူတို့(စကစ)စစ်ရေးသေသေချာချာပြင်ဆင်နေတာ “လို့ အထက်ပါတပ်ဖွဲ့ဝင်က ပြောပါတယ်။
ယခင်က ပဒါန်းမြို့နဲ့ ၁၀ မိုင်ခန့်ဝေးတဲ့ နတ်ရေကန်-ပဒါန်းလမ်းမပေါ်ရှိ ပြင်းဝဂိတ်တခုတည်းသာ ရှိခဲ့ပေမယ့် တာဝါတိုင်စခန်းကျပြီးတဲ့နောက် ဇွန်လပထမပတ်ကစတင်ကာ ပဒါန်းမြို့အဝင်၊ အထွက်တွေမှာ တပ်မ ၈၈ နဲ့ ၉၉ က စစ်ကောင်စီတပ်သားတွေကို ထပ်မံပို့ဆောင်ပြီး အခိုင်အမာစခန်းချထားတယ်လို့ ငဖဲနယ်အတွင်းလှုပ်ရှားနေတဲ့ နောက်ထပ် PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်ရေးလေ့လာသုံးသပ်သူ CDM တပ်မတော်သား ဗိုလ်ကြီးဇင်ယော်ကတော့ “နတ်ရေကန်စခန်းကိုသာ ရနိုင်မယ်ဆိုရင်တော့ ရခိုင်၊ အမ်းကိုဝင်မယ့် လမ်းပေါက်လုံးဝပိတ်သွားပြီ။ လက်ရှိမှာတော့ စခန်းကြီးကြီးမားမားဆိုလို့ နတ်ရေကန်နဲ့ ပုသိမ်-မုံရွာလမ်းကြားမှာ ကမ္ဘာလုံးစခန်း တခုပဲကျန်တော့တာ။ ကျန်တဲ့နေရာတွေမှာတော့ သူတို့တွေ (စကစ)စစ်ကြောင်းငယ်လေးတွေရှိပေမယ့် ဒီနတ်ရေကန်စခန်းကျပြီဆိုတာနဲ့ ပုသိမ်-မုံရွာလမ်းပိုင်းအထိ တောက်လျောက်အာရက္ခတပ်တော်ရဲ့ ပူးပေါင်းတိုက်စစ်နဲ့ ဆက်ပြီးတော့ တိုက်စစ်ဆင်လာနိုင်မယ့် အနေအထားပေါ့နော်။ ပဒါန်းတပ်နယ်အတွက် လုံးဝစိန်ခေါ်မှု တရပ်ဖြစ်သွားပြီလို့ပြောမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ပဒါန်းတပ်နယ်မှာ အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ် ၃၇၅ အမြောက်တပ်ရင်း၊ အမှတ် ၄၀၉ အမြောက်တပ်ရင်း၊ အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံတပ်တွေတည်ရှိပြီး ၎င်းတပ်ရင်းတွေမှာလည်း ခံစစ်ပြင်ဆင်ထားကာ အနီးတဝိုက်တောင်ကုန်းတွေမှာ လက်နက်ကြီးတွေအပါ အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။
အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်တောင် ဗျူဟာကုန်းရဲ့ ကာကင်းစခန်းတွေဖြစ်ကြတဲ့ မထုံး၊ လင်းတဲ၊ စွန်တက်၊ ဂုတ်စည်း၊ ကံမြင်ကန်၊ ဂုတ်ကြီးစခန်း၊ တာဝါတိုင်စခန်းတွေထဲက တာဝါတိုင်၊ ကံမြင်းကန်၊ ဂုတ်ကြီးစတဲ့ကာကင်းစခန်းတွေကို AAပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။
စာတည်း – ဟိန်းစံ