ပေါက်ခေါင်း၊ ဇူလိုင် ၂၊ ၂၀၂၅။
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နဲ့အုတ်တွင်းမြို့ကိုဆက်သွယ်ထားတဲ့ ရိုးမလမ်းပေါ်က လမ်းပိုင်း ၄ နေရာ ဖျက်ဆီးခံထားရတာကြောင့် ဒေသခံတွေသွားလာရေးခက်ခဲနေတယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ တပ်ရင်း တာဝန်ရှိသူတွေဆီက သိရပါတယ်။
ဇွန် ၃၀ ရက်မှာ ပေါက်ခေါင်းမြို့နယ်၊ နီပါးဆေးရွာ နဲ့ တောင်လည်ရွာကြား ဂွေးပင်ကုန်းနေရာ၊ ဇူလိုင် ၁ ရက်မှာ ပေါက်ခေါင်းမြို့နယ်၊ စမ်းကုန်းကျေးရွာနဲ့ ကြို့ကုန်းကျေးရွာကြားလမ်းပိုင်း၊ ညောင်ကုန်းရွာအနီးလမ်းပိုင်း၊ အုတ်တွင်းမြို့နယ်အပိုင် တောက်တဲ့ကျေးရွာအနီးလမ်းပိုင်းတို့ကို တောင်လည်တာဝါတိုင်ရဲကင်းတာဝန်ကျ စစ်ကောင်စီဗိုလ်ကြီး အောင်မြင့်မြတ်နဲ့အဖွဲ့က ဘက်ဟိုးတွေနဲ့တူးပြီးလမ်းကို ဖျက်ဆီးလိုက်တယ်လို့ ဆိုပါတယ်။
“လမ်းပိုင်းကိုဖျက်ဆီးလိုက်လို့ ကျန်းမာရေး၊ ပညာရေးအပါအဝင်ပေါ့နော် အခက်အခဲရှိသွားတယ်။ အခုဆိုရင် လမ်းပိုင်းဖျက်ဆီးလိုက်လို့ ဆိုင်ကယ် ၁ စီးကို ၃ ယောက်မ (သယ်) ပြီးသွားဖို့တောင် အဆင်မပြေဘူး။ အခြားလမ်းပိုင်းတွေက သွားဆိုတာလည်း မိုးတွင်းဆိုတော့ တော်တော်အခက်အခဲ ဖြစ်တယ်။ သွားဖို့အဆင်မပြေကြဘူး။”လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ တပ်ရင်း တာဝန်ခံက ပြောပါတယ်။
အခုလိုလမ်းပိုင်းတွေကိုဖျက်ဆီးတာဟာ ပဲခူးရိုးမပေါ်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေ အခြေပြုနေထိုင်နေတာကြောင့် စစ်ကောင်စီဘက်က ရိက္ခာဖြတ်တောက်ချင်တဲ့အတွက်လုပ်ဆောင်တာနဲ့ မြို့တွေထဲကို ကာကွယ်ရေးအဖွဲ့တွေမလာနိုင်အောင် လုပ်ဆောင်တာဖြစ်နိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။
လက်ရှိမှာ အနက် ၄ ပေခန့်၊ အကျယ်ကတ္တရာလမ်းနယ်ကုန်အထိ ဆိုင်ကယ် ၁ စီးလောက်တောင် သွားမရအောင် ဖျက်ဆီးထားတယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် အဲ့ဒီလမ်းပိုင်းတွေကို အဓိကအသုံးပြုနေကြတဲ့ နီပါးဆေးရွာ ၊ တောင်လည်ရွာ၊ စမ်းကုန်း၊ ကြို့ကုန်း၊ ညောင်ကုန်း၊ ဂွေးပင်ကုန်း၊ ညောင်ဝန်း၊ ဘော်ဒါ၊ ဘော်လန်ကြီးရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၅ ရွာခန့် သွားလာရေးခက်ခဲသွားတယ်လို့ ဆိုပါတယ်။
လမ်းပိုင်းဖြတ်တောက်ခံထားရလို့ ကျေးရွာတွေကထွက်ရှိတဲ့ ရာသီ သီးနှံ၊ စပါးတွေတင်ပို့ရောင်းချဖို့၊ စားသောက်ကုန်တွေဝယ်ယူဖို့ အခက်အခဲတွေဖြစ်ပေါ်နေပြီး ရေရှည်မှာ ဒေသတွင်းကုန် စျေးနှုန်းမြင့်တက်တာနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ဒေသခံတွေမသေသင့်ဘဲ သေဆုံးတာတွေလည်း ရှိလာနိုင်တယ်လို့ အထက်ပါတာဝန်ခံကပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ ပေါက်ခေါင်းမြို့နယ်၊ အိုက်စောင့်ရွာနဲ့ဘော်ဒါကျေးရွာကို စစ်ကောင်စီအဖွဲ့တွေက စစ်ကြောင်းထိုးပြီး မီးရှို့ခဲ့တဲ့အတွက် ဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ရသေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း၊ တည်းဖြတ် – HP