မြေလတ်အသံ၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၂၆။
UFC ဖလိုင်းဝိတ်ချန်ပီယံ ဂျော့ရှ်ဝါဗန်ရဲ့ ပထမဆုံးအကြိမ် ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် လာမယ့် ဧပြီ ၁၁ ရက်ည(မြန်မာစံတော်ချိန် ဧပြီ ၁၂ ရက် မနက်ပိုင်း)မှာကျင်းပမယ့် UFC 327 မှာ ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာနဲ့ ထိုးသတ်ရမှာဖြစ်တယ်လို့ UFC က ဒီမနက်မှာပဲ ထုတ်ပြန်လာပါတယ်။
မနေ့မနက်ပိုင်းက ဟူစတန်မှာ ပရိသတ်တွေနဲ့တွေ့ဆုံစဉ်ကလည်း အင်တာဗျူးမှာ တက်ဆူရိုတိုင်ရာနဲ့ ပွဲရရှိထားပြီဖြစ်တဲ့အကြောင်း ဂျော့ရှ်ဝါဗန်က ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်မှာကျင်းပခဲ့တဲ့ UFC 323 မှာ ပန်တိုဂျာကို အနိုင်ယူပြီး ဖလိုင်းဝိတ်ချန်ပီယံဖြစ်ခဲ့တဲ့ ဂျော့ရှ်ဝါဗန်အတွက် ဒီပွဲဟာ ပထမဆုံးအကြိမ် ချန်ပီယံခါးပတ် ကာကွယ်ပွဲလည်း ဖြစ်ပါတယ်။
အစောပိုင်းတွေမှာ ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် ဖလိုင်းဝိတ် အဆင့် ၂ က မာနယ်ကပ်နဲ့ ယှဉ်ပြိုင်ဖို့ ကျယ်ကျယ်လောင်လောင် အသံတွေထွက်လာခဲ့ပေမယ့် နောက်ဆုံးမှာ အဆင့် ၃ က တက်ဆူရိုတိုင်ရာနဲ့ ယှဉ်ပြိုင်ရတော့မှာပါ။
ဂျော့ရှ်ဝါဗန် ကတော့ UFC က စီစဉ်တဲ့အတိုင်း ဘယ်သူနဲ့ဖြစ်ဖြစ် ထိုးသတ်သွားမှာဖြစ်ပြီး သူ့ရဲ့ချန်ပီယံခါးပတ်ကို ကာကွယ်သွားမှာဖြစ်တယ်လို့ အင်တာဗျူးတွေမှာ အကြိမ်ကြိမ်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
Photo – UFC.