ရွှေကျင်၊ ဇူလိုင် ၂၈၊ ၂၀၂၅။
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နဲ့ ညောင်လေးပင်မြို့နယ်မှာ မြစ်ရေတက်လို့ လူဦးရေသောင်းချီ ရေဘေးသင့်နေပြီး ကူညီကယ်ဆယ်ရေးနဲ့ ရိက္ခာတွေလိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၂၇ ရက် ညပိုင်းမှာ ရွှေကျင်မြစ်ရေမြင့်တက်လာတာကြောင့် မြို့ရဲ့ စိုးရိမ်ရေမှတ် ၇၀၀ စင်တီမီတာရဲ့အထက် ၈၃၀ စင်တီမီတာအထိ ရောက်ရှိလာတဲ့အတွက် မြို့ပေါ်ရပ်ကွက် ၈ ခုနဲ့ အနီးအနားကျေးရွာ ၂၀ ခန့် ရေနစ်မြုပ်နေတာလို့ဆိုပါတယ်။
“အခြေနေက တော်တော်ဆိုးနေပြီ။ ရပ်သစ်မီးပွိုင့်ကနေတောက်လျှောက် မုခ်ဦးထိ ကျောက်တိုင်နား ထိက သွားလို့မရဘူး။ ခါးလောက်ရှိတယ်။ အကုန်လုံးမြုပ်ကုန်ပြီ။ ပြောင်းကုန်ပြီ။ ဘုန်းကြီးကျောင်း၊ ကျောင်းတွေကို ပြောင်းကုန်ပြီ။ ကယ်ဆယ်ရေးစခန်းတော့ မတွေ့ဘူး။ ကိုယ့်ဟာကိုယ်ပြောင်း ဘာကယ်ဆယ်ရေးမှ မရှိဘူး။”လို့ ရွှေကျင်မြို့ခံတဦးက ပြောပါတယ်။
ရွှေကျင်မြစ်ရေတက်နေလို့ ရွှေကျင်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ညောင်ဝိုင်း၊ တရုတ်တန်း၊ ဖွဲကုန်း၊ ပန်းဘဲတန်း၊ မကျည်းတန်း၊ ဇီးတော၊ ပျဥ်းမပင်အောက်ခြမ်းအပါအဝင် ရပ်ကွက် ၈ ခုနဲ့ ကျေးရွာ ၂၀ လောက်မှာ အနိမ့်ပိုင်းတွေမှာရေအမြင့် ၈ ပေလောက်ထိတက်နေပြီး အမြင့်နေရာမှာ ၂ ပေကျော်ထိ တက်နေတယ်လို့ဆိုပါတယ်။
ရွှေကျင်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူ ၂၀,၀၀၀ ကျော်ရှိနိုင်ပြီး နေအိမ်တွေမှာ နေထိုင်လို့ မရတော့တဲ့သူတွေက ဘေးတွဲဆိုင်ကယ်၊ ဆိုင်ကယ်၊ ကားတွေနဲ့ ကုန်းမြင့်ပိုင်းတွေကို ပြောင်းရွှေ့နေကြတယ်လို့ ဆိုပါတယ်။
အလားတူ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့နဲ့ အနီးအနားကျေးရွာတွေမှာလည်း ဇူလိုင် ၂၀ ရက်ကစပြီး စစ်တောင်းမြစ်ရေမြင့်တက်နေရာမှ ဇူလိုင် ၂၈ ရက်မနက်မှာ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာကို ကျော်လွန်လာပြီး ၁၂၂၇ စင်တီမီတာအထိ ရောက်ရှိလာတာကြောင့် မဒေါက်မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်နဲ့ ဘုရားစု၊ အင်းဂပလိပ်၊ ညောင်ပင်ပေါက်၊ အင်းချောင်၊ ဖိုးကုန်း၊ ဇာပြတ်၊ သောင်ကြီး၊ ရေပေါ်သောင်အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော် ရေနစ်မြုပ်နေပြီး လူဦးရေ ၅,၀၀၀ ထက်မနည်း ရေဘေးသင့်နေကြရပါတယ်။
“ဒီနေ့ပိုဆိုးတယ်။ ကျနော်အိမ်အမြင့်တောင် မီးဖိုဆင့်မြုပ်ပြီး အိမ်မအတွက် ၁ ပေခွဲလောက်ပဲ လိုတော့တယ်။ ရေက ဒီမနက်ကို ၁ ပေခွဲလောက် ထပ်တက်လာတော့ လက်ရှိဆိုရင်တော့ မဒေါက်မြို့ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ရေမြုပ်သွားပြီ။ အချို့နေရာက တာကျိုးထားပြီး ရေမြုပ်နေတော့ အနိမ့်ပိုင်းတွေက တော်တော်ဆိုးတယ်။” လို့ မဒေါက်မြို့ခံတဦးက ပြောပါတယ်။
ယနေ့မနက်မှာ မဒေါက်မြို့ရဲ့ အနိမ့်ပိုင်းတွေမှာရေက ၈ ပေကျော်ထိရှိနေပြီး အမြင့်ပိုင်းတွေမှာ ၃ ပေလောက်ရှိနေကာ ကယ်ဆယ်ရေးစခန်းဖွင့်ထားတာမရှိသလို အနိမ့်ပိုင်းနေအိမ်တွေမှာ နေထိုင်လို့မရတဲ့သူတွေက ကုန်းမြင့်ပိုင်းတွေကို ကိုယ်တိုင်ပြောင်းရွှေ့နေကြရတယ်လို့ ဆိုပါတယ်။
ရေဘေးသင့်ပြည်သူတွေအတွက် ရေသန့်၊ အစားအသောက်တွေနဲ့ ရွှေ့ပြောင်းဖို့ အကူအညီတွေလိုအပ်နေကာ မဒေါက်-ရွှေကျင်၊ မဒေါက်-ညောင်လေးပင်လမ်းပိုင်လည်း ရေနစ်မြုပ်နေပြီး ကားတွေသွားလာလို့မရတော့တာကြောင့် စက်လှေတွေနဲ့သာ သွားလာနေရတယ်လို့ သိရပါတယ်။
စာတည်း – လင်း၊ တည်းဖြတ် – M