မြေလတ်အသံ၊ အောက်တိုဘာ ၂၀၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်းရှိ ရန်ကုန်-ပြည်လမ်းပေါ်က မြို့နယ်အချို့မှာ ခရီးသွားတွေ အပူဒဏ်ကာကွယ်ဖို့ဆိုပြီး စစ်အာဏာပိုင်တွေ မိုးထားတဲ့ နေကာလိပ်အစိမ်းစတွေ ပြုတ်ကျကုန်တဲ့အတွက် မြို့ခံတွေက ဝေဖန်လှောင်ပြောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရန်ကုန်-ပြည်လမ်းပေါ်မှာ ရှိကြတဲ့ ပေါင်းတည်မြို့ ဘုရားကြီးလမ်းဆုံ မီးပွိုင့်အနီးနဲ့ နတ်တလင်းမြို့ သံဖြူရုံဂိတ်မီးပွိုင့်တို့မှာ မိုးထားတဲ့ နေကာလိပ်အစိမ်းစတွေ ပြုတ်ကျကုန်တာကို အောက်တိုဘာ ၁၈ ရက်မနက်ကတွေ့ရတာလို့ ဆိုပါတယ်။

“စေတနာမပါပဲ လုပ်တော့ ပြုတ်ကျကုန်တာပေါ့။ မနက်အစောပိုင်းသွားတဲ့ကားတွေဆို အစိမ်းစကြီးတွေကို ဝါးလုံးနဲ့ထိုးမြှောက်ပြီး မောင်းသွားရတာ။ ဂွင်ဖန်ဖို့ပဲတွေးနေတာ လေဒဏ်၊ မိုးဒဏ်ခံနိုင်အောင်မလုပ်ကြဘူး။ သူများမြို့တွေမှာလုပ်တာက မီးပွိုင့်မှာ မီးနီမိတုန်းအရိပ်ရအောင်။ ပေါင်းတည်မှာ မီးပွိုင့်ကပျက်နေတာကို လုပ်တာဖော်ရှိုးလုပ်တာပေါ့ ညဘက်ဆိုတော့ ဘယ်လို ပြုတ်ကျလည်းတော့မသိဘူး” လို့ မြို့ခံတဦးက ပြောပါတယ်။
အဲဒီနေကာလိပ်အစိမ်းစတွေ ရန်ကုန်-ပြည်လမ်းပေါ် အုပ်မိုးတာတွေကို မြို့နယ်ထွေအုပ်နဲ့ ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီးအောက်တိုဘာလ ၁၇ ရက်နေ့က အာဏာသိမ်းစစ်အစိုးရရဲ့ စီမံချက်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၄ နာရီအတွင်း ပြုတ်ကျပျက်စီးကုန်တာ ဖြစ်ပါတယ်။


အလားအတူ နတ်တလင်းမြို့ ရန်ကုန်-ပြည်လမ်း သံဖြူရုံဂိတ်မီးပွိုင့်အနီးမနက်က နေကာလိပ်အစိမ်းစတွေလည်း ပြုတ်ကျကုန်တယ်လို့ သိရပါတယ်။
“ရယ်တော့ရယ်ရသား အယ်နီညိုဖမ်းမယ့် ပိုက်တွေလား မသိဘူး၊ မိုးတွေလေတွေတိုက်လို့ပြုတ်ကျကုန်ပြီမနက် (အောက်တိုဘာ ၂၀)က မတွေ့ရတော့ဘူး” လို့ နတ်တလင်းမြို့ခံတဦးက ပြောပါတယ်။
အဲဒီလို လမ်းပေါ်မှာ နေကာလိပ်အစိမ်းစတွေ အုပ်မိုးထားတာတွေကို ရန်ကုန်-ပြည်လမ်းတလျှောက်မြို့တွေဖြစ်တဲ့ ဇီးကုန်းမြို့က ပန်းခြံအနီးမီးပွိုင့်နဲ့ ကြို့ပင်ကောက်မြို့ပေါ် နာရီစင်အနီးက ရန်ကုန်-ပြည်မီးရထားလမ်းကူးတို့မှာလည်း ပြုလုပ်ထားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
အခုလိုရာသီဥတု ဖေါက်ပြန်မှုအပေါ် ယာယီကာကွယ်ပေးနိုင်တဲ့အရာတွေ ပြုလုပ်ပေးတာထက် နှစ်ရာချီနေတဲ့ သက်တမ်းရင့် ကုက္ကိုပင်ပေါင်း ၁ ဒါဇင်ကျော်ကို မကြာသေးခင်ကာလကမှ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုးက ခုတ်လှဲရောင်းချထားတဲ့ လုပ်ရက်အပေါ် ဒေသခံတွေက ကျေနပ်မှုမရှိကြောင်း သိရပါတယ်။
သတင်း – သော်တာအောင်