ဝက်လက်၊ ဇန်နဝါရီ ၂၇၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပေါက်ကန်ဘူတာကျေးရွာလမ်းဆုံ စစ်ကိုင်း-ရွှေဘိုကားလမ်းပေါ်မှာ ဒရုန်းနဲ့ဗုံးချခံရလို့ ခရီးသွားပြည်သူ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဝက်လက်မြို့နယ်ပကဖထံက သိရပါတယ်။
ဇန်နဝါရီ ၂၇ ရက်ဒီကနေ့မနက် ၉ နာရီကျော်မှာ ရှိန်းမကားရွာစစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကလွှတ်လိုက်တဲ့ ဒရုန်း ၂ စီးဟာ ကျေးရွာလမ်းဆုံကို ဗုံးသီး ၂ လုံးကြဲချခဲ့တာဖြစ်ပြီး ခရီးသွားကား ၁ စီးပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
” အဲ့နားမှာ ကား ၁ စီးကရပ်ထားတာ ကားပေါ်က အမျိုးသား ၁ ယောက်က နှာခေါင်းထိတယ်။ အမျိုးသမီးက ၁ ယောက်လည်း ထိတော့ထိသွားတယ်။ ရွာခံတွေမဟုတ်ဘူး။ ခရီးသွားတွေထိတာ။ လမ်းပေါ်ဆိုတော့ ခရီးသွားကားတွေနား ကျတာ။” လို့ ဝက်လက်မြိုနယ်ပကဖပြန်ကြားရေးတာဝန်ခံက မြေလတ််အသံကို ပြောပါတယ်။
ဒရုန်းဗုံးပေါက်ကွဲတာကြောင့် အသက် ၄၀ ကျော်အရွယ် အမျိုးသား ၁ ဦးနဲ့အမျိုသမီး ၁ ဦးတို့ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူတွေဟာ ခရီးသွားတွေဖြစ်ကာ သူတို့နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
ဒရုန်းဗုံးချခံရပြီးနောက် မန္တလေး-ရွှေဘိုလမ်းပိုင်းကို ဒေသကာကွယ်ရေးအဖွဲ့တွေဘက်က နာရီဝက်လောက် ပိတ်ထားခဲ့ပေမယ့် လက်ရှိမှာတော့ ပုံမှန်အတိုင်းပြန်လည်သွားလာခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၆ ရက်ကလည်း ဝက်လက်မြို့နယ်၊ ညောင်ကန်ကျေးရွာက စစ်ရှောင်တွေနေထိုင်တဲ့ စာသင်ကျောင်း လေကြောင်းကနေ တိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။