မုံရွာ၊ စက်တင်ဘာ ၁၇၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့၊ မုံရွာ-မန္တလေးလမ်းပေါ်မှာ ကုန်ကားတွေကို ပိုက်ဆံကောက်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာ ၄ ဦး သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်း Chindwin Attack Force က သတင်းထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၁၆ ရက် မနက် ၈ နာရီ ၅၀ မိနစ်ခန့်မှာမုံရွာမြို့ အထွက်က မုံရွာ-မန္တလေးလမ်းပေါ်မှာ အင်အား ၁၂ ဦးနဲ့ ကုန်ကားတွေကို ပိုက်ဆံကောက်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မုံရွာ-မန္တလေးလမ်းပေါ်မှာ ဂိတ်တခုနဲ့တခုအကြားမှာ ပိုက်ဆံကောက်ကြတာ၊ အဲ့ဒါကိုမှ မိုင်းခွဲခဲ့တာ၊ မိုင်းကတော့ ပဒေသာခွဲတဲ့အတွက် အလုံးရေကများတယ်၊ အဓိကကောက်တာမှာ ကုန်ကားအကြီးတွေ ကောက်တာ၊ ဆိုင်ကယ်သမားတွေတော့ မကောက်ဖူး၊ ဆိုင်ကယ်သမားတွေကိုတော့ သူတို့မထင်ရင် မထင်သလို စစ်တဲ့ပုံစံရှိတယ်၊ ၄ ဦးသေဆုံးတယ်လို့ ရဲဘော်တွေက သတင်းပို့ထားပါတယ်”လို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်း Chindwin Attack Force သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုပေတလူက ပြောပါတယ်။
အဆိုပါစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေသေဆုံးမှုနဲ့ပတ်သက်ပြီး မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မုံရွာ-မန္တလေးလမ်းမပေါ်မှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ဆေးရေးဂိတ် ၁၀ ခုကျော်ရှိပြီး အဆိုပါဂိတ်တွေနဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေကို မကြာခဏသွားရောက်တိုက်ခိုက်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၄ တပ်ရင်း Chindwin Attack Force၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys၊ တပ်ခွဲ ၂ 5/ Commando Force၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၂၈ တပ်ခွဲ ၃၊ တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၄ တပ်ရင်း တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးချိန်ကစလို့ စက်တင်ဘာ ၁၇ ရက် ဒီနေ့မနက်အထိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက မုံရွာ-မန္တလေးလမ်းပေါ်မှာ လမ်းကြောင်းတွေကိုပိတ်ဆို့ကာ စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဩဂုတ် ၁ ရက်နေ့ကလည်း မုံရွာ-မန္တလေးလမ်းမပေါ်မှာ လုံခြုံရေး ယူနေတဲ့ စစ်ကော်မရှင်တပ်ကို ဒေသခံကာကွယ်ရေးတပ်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ပါသေးတယ်။
တည်းဖြတ် – HP