တောင်တွင်းကြီး၊ ဇန်နဝါရီ ၆၊ ၂၀၂၅။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပရပ်ကြယ်ကျေးရွာမှ ရာအိမ်မှူး ၁ ဦးပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ပစ်ခတ်ခံရသူဟာ ပရပ်ကြယ်ကျေးရွာနေ အသက် ၅၆ နှစ်အရွယ် ဦးဇော်ဝင်းဆိုသူဖြစ်ပြီး ဇန်နဝါရီ ၄ ရက်မနက် ၇ နာရီခန့်မှာ အောင်မြင်သာကျေးရွာအနီးမှာ ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။
“သူက အလုပ်ကိစ္စအတွက် ဆိုင်ကယ်နဲ့သွားတာကို လမ်းမှာပစ်ခတ်သွားတာလို့တော့ သိရတယ်။ လမ်းမှာသေနေတာကို ဒေသခံတွေက အကြောင်းကြားလို့ သိရတာ။ အလောင်းကတော့ အခုအိမ်ပြန်ရောက်ပြီး နာရေးလည်း လုပ်ပြီးပြီ။”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။
ပစ်ခတ်ခံရပြီး ရာအိမ်မှူး ဦးဇော်ဝင်းမှာ ခြေထောက်၊ လက်နဲ့ဝမ်းဗိုက်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သူသေဆုံးတဲ့နေ့မှာတင် စစ်ကော်မရှင်အဖွဲ့တွေက အလောင်းကိုသွားယူကာ တောင်တွင်းကြီးဆေးရုံကို ပို့ဆောင်ပေးခဲ့ကြပြီး ဇန်နဝါရီ ၅ ရက်မှာတော့ အလောင်းကို မိသားစုတွေကနေအိမ်ပြန်သယ်ပြီး နာရေးပြုလုပ်ကြတယ်လို့ ဆိုပါတယ်။
ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့တွေက ပစ်ခတ်ခဲ့တယ်ဆိုတာတော့ ဇန်နဝါရီ ၆ ရက် ဒီကနေ့အထိ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်ကလည်း တောင်တွင်းကြီးမြို့နယ်၊ အိုးပေါက်ကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးခင်မောင်လတ်ဆိုသူ နေအိမ်ထဲထိဝင်ရောက်ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သေးတယ်လို့သိရပါတယ်။
စာတည်း – လင်း