သဲကုန်း၊ စက်တင်ဘာ ၁၀၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းက ကျေးရွာ ၂ ရွာက နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ဒေသခံ ၅၀၀၀ ကျော်ဟာ စစ်ဘေးရှောင်နေရတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
သဲကုန်းမြိုနယ်၊ ရုံးပင်တက်ကျေးရွာအုပ်စု၊ ရုံးပင်တက်ရွာက နေအိမ် ၁၁ လုံးနဲ့ ဆည်ကြီးကျိုးရွာက နေအိမ် ၂ လုံးကို စက်တင်ဘာ ၇ ရက် မနက်က မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။



အဲဒီ နှစ်ရွာအပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က စတင်ပြီး အနီးဝန်းကျင်က ဖားစမ်းကန်၊ ဘိုကုန်း၊ ပန်းပင်ကုန်းနဲ့ အောင်စည်သာကွက်သစ်ကျေးရွာတွေကိုလည်း အာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တာကြောင့် အနီးဝန်းကျင်နဲ့ တောတောင်တွေထဲကို ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
“မီးရှို့ရုံတင်မကဘူး။ ရွာတွေထဲကို ဒရုန်းနဲ့ ဗုံးကြဲတာ လက်နက်ကြီးတွေနဲ့ ပစ်တာတွေလည်း လုပ်တာပါ။ ရွာသားတွေလည်း အဲဒါကြောင့် စစ်ရှောင်ရတာပါ” လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။



ဒါ့အပြင် လက်နက်ကြီးတွေ ဒရုန်းတွေပစ်တဲ့အတွက် စစ်ရှောင်ရွာတွေထဲက ဒေသခံအမျိုးသားတဦးသေပြီး တဦးဒဏ်ရာရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
မီးရှို့ခံရတဲ့ ကျေးရွာတွေအပါအဝင် ထွက်ပြေးတိမ်းရှောင်နေရလို့ လူမရှိတဲ့ ကျေးရွာတွေထဲကို စစ်ကော်မရှင်တပ်သားတွေက ဝင်ရောက်ပြီး ဒေသခံတွေစိုက်ပျိုးထားတဲ့ ပဲ နဲ့ နှမ်းအပြင် အဖိုးတန်ပစ္စည်းတွေကိုလည်း ခိုးယူသွားကြတယ်လို့ ဆိုပါတယ်။



လက်ရှိမှာ စစ်ကော်မရှင်တပ်သားတွေဟာ ဖားစမ်းကန်၊ ဘိုကုန်း၊ ပန်းပင်ကုန်းနဲ့ အောင်စည်သာကွက်သစ်ရွာတွေထဲမှာ တပ်ဖြန့်ထားပြီး အင်အား ၁၆ဝ ဦး ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်ဩဂုတ်လ ဒုတိယပတ်ကလည်း သဲကုန်းမြို့နယ်ထဲက ရုံးပင်တက်ရွာအပါ ဓါးသွေးကျောက်နဲ့ သရက်ကိုင်းကျေးရွာတွေက နေအိမ် ၂ဝ ထက်မနည်းကို အာဏာသိမ်းစစ်တပ်က မီးရှို့ခဲ့ကြပါသေးတယ်။
သတင်း – သော်တာအောင်