သိုက်ထွန်း၊ ခေတ်သဒ္ဒါ
မုံရွာ၊ သြဂုတ် ၇၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပေါ်တာဆွဲဖမ်းဆီးတာတွေ ခပ်စိပ်စိပ်လုပ်လာပြီး ဒေသခံ ၄၀ ခန့်ဖမ်းဆီးခံထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မုံရွာမြို့ရဲ့ ပေ ၈၀ လမ်း၊ ရန်ကင်းမီးပွိင့်၊ ကျောက္ကာလမ်း၊ ကမ်းနားလမ်း၊ မြို့ပေါ်ရပ်ကွက်တွေထဲနဲ့ မြို့အနီးကျေးရွာတွေမှာ ဇူလိုင်နောက်ဆုံးပတ်ကတည်းက စတင်ဖမ်းဆီးနေတာလို့ ဆိုပါတယ်။
“ဇူလိုင် ၂၄ ရက်ပတ်ဝန်းကျင်ကတည်းက ပေါ်တာဆွဲနေတာ။ ခုရက်ပိုင်းပိုကြမ်းလာတယ်။ အချို့နေအိမ် အလုပ်ရုံထဲ ဝင်ဆွဲတယ်ပြောတယ်။ လောလောဆယ်တော့ နေရာတနေရာပြီး တနေရာ ရွှေ့ပြောင်းပြီး အလစ်အငိုက်ဆွဲနေတာ”လို့ ဒေသခံအမျိုးသားတဦးကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းသင်တန်း အပတ်စဥ် ၁၆ နဲ့ ၁၇ အတွက် လူမပြည့်မီသေးတာကြောင့် ခုလိုပေါ်တာ ဆွဲဖမ်းဆီး တာဖြစ်နိုင်ပြီး သြဂုတ် ၇ ရက်ဒီကနေ့အထိ ဖမ်းဆီးခံထားရသူ ၄၀ ဝန်းကျင်ရှိကာ အဲ့ဒီထဲက ၅ ဦးကိုသာပြန်လွှတ်လိုက်တယ်လို့ သိရကြောင်း သူကဆက်ပြောပါတယ်။
ဒီအရေအတွက်ဟာ ဒေသခံတွေ လက်လှမ်းမီသလောက်သိရှိတဲ့အရေအတွက်ဖြစ်ကာ မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ယူနီဖောင်းဝတ်နဲ့အပြင် အရပ်ဝတ်တွေနဲ့ပါစောင့်ကြည့်ဖမ်းဆီးနေတာဖြစ်ပြီး ခုလိုဖမ်းဆီးတာတွေ လုပ်နေတာကြောင့်လူငယ်တွေလည်း လမ်းပေါ်ကိုမထွက်ရဲကြဘူးလို့ ဆိုပါတယ်။
သြဂုတ် ၃ ရက်မှာလည်း မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်က ရေဦးဆန်ဆိုင်ဂိတ်၊ ရန်ကင်း ရပ်ကွက်ထဲရှိ အသောကလမ်း၊ ကမ်းနားလမ်း၊ ရေကူးကန်လမ်းနဲ့ ဗိုလ်တေဇလမ်းတွေမှာ လက်နက်ကိုင် စစ်ကောင်စီ အဖွဲ့ဝင် အင်အား ၇ ဦးကျော်နဲ့ လဝကရုံးက ဝန်ထမ်းအချို့ဟာ အံစာတုံးကား ၁ စီး၊ စစ်ကား ၁ စီးနဲ့ လမ်းသွားလမ်းလာအမျိုးသားတွေကို ဖမ်းဆီးခဲ့တယ်လို့ နောက်ထပ်မြို့ခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ မုံရွာမြို့ပေါ်ရှိ ရုံကြီး၊ ဆူးလေကုန်း၊ အောင်ချမ်းသာ၊ စက်မှုဇုန်၊ အင်းရွာသစ်၊ သလ္လာ၊ ချမ်းမြသာစည်စတဲ့ ရပ်ကွက်တွေက အမျိုးသားတွေနဲ့ မုံရွာမြို့အနီးရှိ လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းရွာက အမျိုးသားတွေလည်းပါဝင်တယ်လို့ ဆိုပါတယ်။
“အဲ့ ၃ ရက်နေ့ကတော့ စစ်ကားပေါ်ကို လူအပြည့်ဘဲ။ ၂၀ ဦးရေ ဝန်းကျင်လောက်တော့ ပါမယ်။ ညနေဘက် ၆ နာရီလောက်ကျ ဗိုလ်ချုပ်လမ်းပေါ်ကနေ အနောက်တန်းတန်း မောင်းချသွားတာ။ အဲ့နေ့က ညနေဘက်လူငယ်တွေ သိပ်မထွက်ကြဘူး။ လမ်းပေါ်မှာ လူကြီးပိုင်းတွေပဲ တွေ့ရတာ။”လို့ မြို့ခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။
စစ်မှုထမ်းဖို့ ဖမ်းဆီးသွားသူတွေကို မုံရွာမြို့တော်ခန်းမထဲမှာ ထိန်းသိမ်းထားပြီးနောက် လူဦးရေ အရေအတွက်ပြည့်ပါက မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခဆီကို ပို့ဆောင်တယ်လို့ ဆိုပါတယ်။
သြဂုတ် ၄ ရက်ကနေ ၆ ရက်အထိလည်း မုံရွာမြို့ပေါ် မိုးရွာသွန်းနေပေမယ့် ထန်းတောရပ်ကွက်၊ မုံရွာတောင်၊ စက်မှုဇုန်ရပ်ကွက်၊ မြဝတီရပ်ကွက်နဲ့ အလုံသုံးထောင့်ချွန်းနေရာတွေမှာ လမ်းသွားလမ်းလာ အမျိုးသားတွေကို ဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်မှုထမ်းဖမ်းဆီးခံရသူတွေထဲက မြို့ပေါ်နေသူတွေဖြစ်ပါက မှတ်ပုံတင်တွေကို မိသားစုဝင်တွေဆီ ဆက်သွယ်တောင်းခံပြီး လာရောက်မပေးသူတွေကိုတော့ မှတ်ပုံတင်အသစ်ပြန်လည် လုပ်ဆောင် ပေးတယ်လို့လည်း အဓမ္မဖမ်းဆီးခံရသူတဦးရဲ့ မိသားစုဝင်ဆီက စုံစမ်းသိရပါတယ်။
အခုရက်ပိုင်း မုံရွာမှာ စစ်ကောင်စီတွေက စစ်မှုထမ်းဖို့အမျိုးသားတွေကို နေ့စဥ်ဖမ်းဆီးနေတာကြောင့် မြစ်အနောက်ဘက် ရွာရှည်၊ ထန်းတောကြီးနဲ့ ညောင်ပင်ကြီးကျေးရွာတွေက နေ့စား အလုပ်သမား တွေလည်း မုံရွာမြို့ပေါ်ကို အလုပ်မဆင်းဘဲ ရက်ပိုင်းအနားယူထားကြတယ်လို့လည်း ပွဲရုံလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။
စာတည်း – လင်း