ချောက်၊ ဧပြီ ၁၇၊ ၂၀၂၅။
မြန်မာနှစ်ဆန်း ၁ ရက်နေ့ ဧပြီ ၁၇ ရက် ဒီကနေ့မှာ စစ်ကောင်စီရဲ့လွတ်ငြိမ်းအဖြစ် မကွေးမြို့ ဒေါင်းနေထောင်က အကျဥ်းသား ၁၁၅ ဦးလွတ်မြောက်ခဲ့တယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူ ဆီကသိရပါတယ်။
လွတ်မြောက်လာသူတွေမှာ အမျိုးသား ၇၃ ဦးနဲ့ အမျိုးသမီး ၄၂ ဦးဖြစ်ပြီး အဲ့ဒီထဲမှာနိုင်ငံရေး အကျဥ်းသား ၂ ဦးနဲ့ နိုင်ငံရေးအကျဥ်းသူ ၉ ဦး စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၁၁ ဦးသာပါဝင်တယ်လို့ ဆိုပါတယ်။
“သူတို့က ပုဒ်မ ၅ ခုနဲ့ထောင်ချခံရတာ၊ ၅၀၅ လည်းပါတယ်၊ မီးရှို့ဖျက်ဆီးမှု၊ အကြမ်းဖက်မှု စတဲ့ ပုဒ်မ ၅ ခုနဲ့ ထောင်ချခံရတာ၊ သူတို့ကို ထောင် ၈ နှစ်ချတာ၊ ရက်လျှော့ပြီးလွတ်လာတာ၊ ချုပ်ခံရတာက ၁ နှစ်ကျော်လောက်ရှိတယ်၊ ချောက်ကနေ နိုင်ငံရေးပုဒ်မနဲ့ ထောင်ချခံရပြီး မလွတ်တဲ့သူ ကျန်သေးတယ်” လို့ အကျဥ်းထောင်နဲ့နီးစပ်သူကပြောပါတယ်။
အဆိုပါ နိုင်ငံရေးအကျဥ်းသားတွေထဲက အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၆ ဦးက ချောက်မြို့ကဖြစ်ပြီး ကျန်တဲ့ ၃ ဦးနဲ့ပတ်သက်တာကိုတော့ မသိရဘူးလို့ဆိုပါတယ်။
နိုင်ငံတဝန်းအကျဉ်းထောင်တွေကနေ အကျဉ်းသား ၅ ထောင်နီးပါးကို ပြန်လွှတ်ပေးမယ်လို့ ဧပြီ ၁၇ ရက် ဒီနေ့မှာ စစ်ကောင်စီကထုတ်ပြန်ပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅ ဧပြီ ၁၁ ရက်အထိ ဖမ်းဆီးခံထားရသူစုစုပေါင်း ၂၉,၀၃၀ ဦးရှိပြီး အဲ့ဒီထဲက ၂၂,၁၉၇ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ပါတယ်။
စာတည်း – လင်း