ပဲခူး၊ စက်တင်ဘာ ၉၊ ၂၀၂၅။
ပဲခူးမြို့၊ ဥဿာမြို့သစ် ၇ ရပ်ကွက် ရန်ကုန်-မန္တလေးလမ်းမကြီးဘေးရှိ “ပွင့်” ကွမ်းယာပစ္စည်းနဲ့အအေးမျိုးစုံဆိုင် ဓားပြတိုက်ခံရလို့ ကျပ်သိန်းရာချီပါသွားပြီး ဓားပြတွေကို KTV မှာ ညတွင်းချင်းပြန်မိတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
စက်တင်ဘာ ၈ ရက် ယမန်နေ့ည ၇ နာရီကျော်မှာ ဒေါ်တင်မာချို ပိုင်တဲ့ “ပွင့်” ကွမ်းယာပစ္စည်းနှင့် အအေးမျိုးစုံဆိုင်ကို လူငယ်အမျိုးသား ၃ ဦးက ဝင်ရောက် လာပြီး ဆိုင်ရှင်ရဲ့သား ၂ ဦးကို ဓားနဲ့ထောက်ကာ ဓားပြတိုက်သွားခဲ့တာလို့ ဆိုပါတယ်။
” သူ့လူဟောင်းတွေဘဲ ပြန်တိုက်တာ။ “ပွင့်” က တရုတ်ဘုံကျောင်းရှေ့က။ သူက အိမ်ဆိုင်ဆိုတော့ အိမ်မှာတိုက်သွားတာ။ ၃ ဦးဝင်တိုက်တာ။ ပိုက်ဆံတော်တော်များများပါသွားတယ်။ ပြန်ရသွားပြီလေ အကုန်လုံး။ သူတို့တွေ့လိုက်တာကိုး။ မိုးထက်ဆီဆိုင်ခေါင်းရင်းက KTV မှာပြန်မိတာ”လို့ ဖြစ်စဥ်ကိုသိထားတဲ့မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ဓားပြတိုက်သူတွေဟာ “ပွင့်”ဆိုင်က ငွေကျပ်သိန်း ၂၃၀၊ ရွှေထည်လက်ဝတ်ရတနာအများအပြားနဲ့ ဖုန်း ၂ လုံးကို ယူဆောင်သွားပြီး ဓားပြတိုက်သူတွေအနက် “ပွင့်” ဆိုင်ဝန်ထမ်းဟောင်းတဦးပါဝင်နေတာကြောင့် စစ်ကော်မရှင်တပ်နဲ့ရဲတွေကလိုက်လံရှာဖွေရာ ည ၁၀ နာရီကျော်မှာ ဥဿာမြို့သစ်ရှိ FIVE STAR KTV မှာ ပစ္စည်းတွေနဲ့အတူ ပြန်လည်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
“ပွင့်” ဆိုင်ကို ဓားပြတိုက်ခဲ့တဲ့ ဘုရားကြီးမြို့နေသူ အသက် ၁၉ နှစ် လမင်း(ခ)ကိုငယ် (ဆိုင်ဝန်ထမ်းဟောင်း)နဲ့ အသက် ၂၃ နှစ် ဇင်ကို (ခ)ကိုဇင်၊ အသက် ၂၂ အရွယ် နိုင်မင်းထွန်း ပဲခူးမြို့နေသူတို့ ၃ ဦးကို ဖမ်းဆီးမိခဲ့တာဖြစ်ပြီး ၎င်းတို့ကို ပဲခူးမြို့ အမှတ် ၃ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
မေ ၂၀ ရက်ကလည်း မဇင်းရပ်ကွက်၊ မဟာစေတီ ၃ လမ်းနေ အသက် ၁၃ နှစ်အရွယ် မောင်သက်မင်းနိုင်ကို တရပ်ကွက်တည်းအတူနေ အမျိုးသား ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး မိဘတွေထံ ငွေတောင်းယူမှုဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ
 
				 
								 
                         
                         
                         
                        
