ဆော၊ ဩဂုတ် ၁၇၊ ၂၀၂၆။
မကွေးတိုင်း၊ ဆောမြို့နယ်၊ သီကုန်းကျေးရွာ တောစပ်မှာ စစ်တပ်ကကြဲချတဲ့ ဒရုန်းဗုံးထိမှန်လို့ စစ်ရှောင်ပြည်သူ ၃ ဦးသေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ (ဩဂုတ်လ ၁၅ ရက်) နေ့လယ် ၂ နာရီခန့်က ဆောမြို့ပေါ်ကိုရောက်ရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ သီးကုန်းကျေးရွာတောစပ်ကို ဒရုန်းနဲ့ ဗုံး ၁၀ လုံးနီးပါး ကြဲချသွားခဲ့တာလို့ ဆိုပါတယ်။

“စစ်ရှောင်စခန်းကို လာကြဲတာတော့မဟုတ်ဘူး။ ရွာထဲကို စပါးဝင်ယူကြတာ။ ရွာထဲမှာ လိုအပ်တာလေး ယူကြမယ်ပေါ့ လူစုစုမြင်ပြီး လာကြဲသွားတာ။ စပါးဝင်ယူချိန် ကားက တောစပ်နားမှာထားခဲ့တာ။ ကားကိုလည်း မြင်မယ်။”လို့ ဒေသခံတဦးကပြောပါတယ်။
ဗုံးကြဲခံရလို့ အသက် ၆၆ နှစ်အရွယ် ဒေါ်မြဝင်း၊ အသက် ၅၀ နှစ်အရွယ် ဦးနန်းမြိုင်၊ အသက် ၄၆ နှစ်အရွယ် ဒေါ်ဌေးဌေးတို့မှာ နေရာမှာပင် သေဆုံးသွားပြီး နောက်ထပ်အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတဦး ဒဏ်ရာရသွားပါတယ်။

ထိခိုက်သေဆုံးသူတွေဟာ သီးကုန်းရွာခံတွေဖြစ်ပြီး စစ်ကောင်စီ စစ်ကြောင်းတွေ မကြာခဏ စစ်ကြောင်းထိုးနေတာကြောင့် ရွာထဲမှာမနေရဲလို့ ကျေးရွာအနီး တောထဲမှာ ပုန်းရှောင်နေကြတာလို့ သိရပါတယ်။
အဲ့ဒီ စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့ (ဩဂုတ်လ ၁၇ ရက်)မှာ သီးကုန်းကျေးရွာတဝိုက်ကို ရောက်ရှိလာပြီး စစ်ကြောင်းထိုးနေလို့ စစ်ရှောင်အချို့ ထပ်မံပြီး နေရာရွှေ့ကာ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့ကလည်း ဆောမြို့နယ်၊ ကြံခင်းကျေးရွာမှာ ဒရုန်းနဲ့ဗုံးကြဲခဲ့သေးရာ အမျိုးသား ၂ ဦးသေဆုံးပြီး ၁ ဦးပြင်းထန်ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။