နွားထိုးကြီး၊ စက်တင်ဘာ ၁၀၊ ၂၀၂၅။
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မကျီးကန်ရွာကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲချခဲ့တာကြောင့် ပြည်သူ ၅ ဦးဒဏ်ရာရတယ်လို့ မကျီးကန်တိုက်နယ်ပကဖ ရပ်ကျေးတာဝန်ရှိသူတွေဆီက သိရပါတယ်။
စက်တင်ဘာ ၉ ရက် မနက် ၉ နာရီခွဲမှာ စစ်ကော်မရှင်ဘက်က စက်တပ်လေထီး ၅ စီးအသုံးပြုပြီး ကျေးရွာထဲကို ဗုံးသီး ၅ လုံးကြဲချခဲ့တယ်လို့ဆိုပါတယ်။

“ရွာအရှေ့ဘက် ၂ လုံး။ ရွာထဲကို ၃ လုံး။ ရွာထဲကျချိန် ပြည်သူ ၄ ယောက်ဒဏ်ရာရတယ်။ ရပ်ကျေး ၁ ယောက်ဒဏ်ရာရတယ်။ ဒေါ်ပိုတို့ အိမ်ဝိုင်းထဲကို တည့်တည့်ကျတာ။ တဲတွေဘာတွေပျက်စီး၊ ကားတွေဆို စုတ်ပြတ်သတ်သွားတာ”လို့ မကျီးကန်တိုက်နယ်ပကဖရပ်ကျေးတာဝန်ရှိသူတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အသက် ၂၀ အရွယ် ရပ်ကျေးပကဖအဖွဲ့ဝင် ၁ ဦး၊ အသက် ၆၀ အရွယ် ဒေါ်ပိုနဲ့ဦးလှတင့်၊ အသက် ၃၀ အရွယ် အမျိုးသား ၂ ဦး တို့ဟာ လက်၊ ဦးခေါင်းနဲ့ ခန္ဓာကိုယ်တွေမှာ အစမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေအိမ် ၂ လုံး၊ ကား ၁ စီးပျက်စီးပြီး နွား ၄ ကောင်သေဆုံးသွားတယ်လို့ သိရကာ ဗုံးကြဲခံရချိန် ကျေးရွာကို စစ်ကြောင်းထိုးနေတာမျိုး၊ တိုက်ပွဲဖြစ်ပွားနေတာမျိုးမရှိဘူးလို့ သူကဆက်ပြောပါတယ်။
ဩဂုတ် ၂ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ သန်းပင်လှကျေးရွာမှာ စစ်ကော်မရှင်ဘက်က Y12 နဲ့ လေကြောင်းကနေဗုံးကြဲခံရလို့ ကလေး ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
စာတည်း – လင်း