မြေလတ်အသံ၊ ဇန်နဝါရီ ၁၄၊ ၂၀၂၆။
Chonburi ခရိုင်မှာ မြန်မာလုပ်သားအချင်းချင်း အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီး ဒေသခံထိုင်းရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြတယ်လို့ ထိုင်းဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Chonburi ခရိုင်၊ Phan Thong မြို့နယ်၊ Ban Kao ရပ်ကွက်ရှိ အဆောင်တခုမှာ ဇန်နဝါရီ ၁၃ ရက် ည ၁၁ နာရီအချိန်က မြန်မာလုပ်သား ၁၀၀ ခန့် လမ်းမပေါ်မှာ ရန်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေ ထိတ်လန့်ခဲ့ရပြီး ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တို့က အခင်းဖြစ်နေရာကို သွားရောက်ခဲ့ကြတယ်လို့ ဖော်ပြပါတယ်။


အခင်းဖြစ်တဲ့နေရာမှာ မြန်မာလုပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့က ကုသပေးခဲ့ရကာ ကယ်ဆယ်ရေးအဖွဲ့ရဲ့ပြောပြချက်အရ ဒဏ်ရာရရှိသူ ၁ ဦးမှာ မာကျောတဲ့အရာဝတ္ထုနဲ့ အရိုက်ခံရပြီး အခြား ၁ ဦးက ဓားနဲ့ခုတ်ခံရတာကြောင့် ဦးခေါင်းနဲ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေရရှိထားပြီး Phan Thong ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
မျက်မြင်သက်သေ ၁ ဦးရဲ့ပြောကြားချက်အရ ဒဏ်ရာရသူ ၁ ဦးဟာ ဓားကိုင်ဆောင်ထားတဲ့ သူငယ်ချင်းဖြစ်သူနဲ့အတူ လမ်းတစ်ဖက်ကိုကူးသွားရာကနေ အဲ့ဒီနေရာမှာရှိတဲ့ အခြားမြန်မာအုပ်စုက ပြန်လည်လိုက်လံတိုက်ခိုက်ခဲ့ပြီး ရန်ပွဲစတင်ခဲ့ကာ အဆိုပါရန်ပွဲအတွင်း မြန်မာလုပ်သား ၁၀၀ နီးပါး ပါဝင်ပတ်သက်နေပြီး ရန်ဖြစ်ရတဲ့ အကြောင်းရင်းအတိအကျကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ကနဦးသုံးသပ်ချက်အရ အဲ့ဒီရန်ပွဲဟာ အရက်သောက်စားရာမှ စကားများပြီး အုပ်စုဖွဲ့ ရန်ဖြစ်တာဖြစ်နိုင်ကြောင်းနဲ့ လက်ရှိမှာ အနီးအနားရှိ CCTV မှတ်တမ်းတွေကနေတဆင့် ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့ လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၁ ရက်က Samut Prakan မှာဖြစ်ပွားခဲ့တဲ့ ထိုင်းလူမျိုး Delivery သမားတွေကို မြန်မာ ၆ ဦးက တိုက်ခိုက်ခဲ့မှုဖြစ်စဥ်အပြီး တင်းမာမှုတွေမြင့်တက်နေတာကြောင့် ထိုင်းရောက်မြန်မာတွေ သတိထားနေထိုင်သွားလာဖို့ အလုပ်သမားကူညီရေးအဖွဲ့တွေက သတိပေးပြောဆိုထားပါတယ်။
Ref; Khaosod








