တောင်သာ၊ ဒီဇင်ဘာ ၁၅၊ ၂၀၂၅။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အင်းတဲကျေးရွာနဲ့ နတ်စောင့်ကျေးရွာကြားမှာ မြေမြှုပ်မိုင်းထိပြီး မိသားစုဝင် ၃ ဦးဒဏ်ရာရတယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
မိုင်းထိသူတွေဟာ အင်းတဲကျေးရွာနေ အသက် ၃၀ အရွယ် ကိုစိုးအောင်၊ ယောက္ခမဖြစ်သူ အသက် ၅၀ အရွယ် ဒေါ်လှဌေး၊ ခယ်မဖြစ်သူ အသက် ၁၃ နှစ်အရွယ် မနွယ်ဝင်းခိုင်တို့ ၃ ဦးဖြစ်ပြီး ဒီဇင်ဘာ ၁၃ ရက် မနက် ၁၀ နာရီခန့်မှာ အင်းတဲကျေးရွာအဝင်မှာ မိုင်းထိခဲ့တာလို့ ဆိုပါတယ်။
“အဲ့နားပတ်လည်မှာတော့ ** မိုင်းတွေလည်းရှိသလို ဌာနေမိုင်းတွေလည်းရှိတယ်။ သူတို့ရွာကို ဝင်လာတဲ့အချိန်မှာထိတာဆိုတော့ ဘယ်သူမိုင်းဆိုတာတော့သေချာမသိရဘူး။ ရွာထဲကိုပြန်ဝင်ကြချိန် ထိတာ။ သူ့ယောက္ခမရွာ အင်းတဲကနေလာကြတာ”လို့ ကျေးရွာနဲ့နီးစပ်သူတဦးက ပြောပါတယ်။
မိုင်းထိသူ ၃ ဦးစလုံးမှာ ခြေထောက် ၂ ဖက်စလုံးစီမှာ မိုင်းစဖောက်ဝင်ဒဏ်ရာတွေရပြီး တောင်သာမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသနေကာ အသက်အန္တရာယ်မစိုးရိမ်ရပေမယ့် ခြေထောက်မှာထိထားတဲ့ မိုင်းစတွေကြောင့် ဒီဇင်ဘာ ၁၅ ရက်အထိ ဆေးရုံကနေမဆင်းရသေးဘဲ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
မိုင်းထိမှန်ခဲ့တဲ့ နတ်စောင့်ကျေးရွာအနီးတဝိုက်မှာ စစ်ကော်မရှင်တပ်ရော ဒေသကာကွယ်ရေးအဖွဲ့တွေဘက်ကပါ စစ်ရေးလှုပ်ရှားမှုတွေရှိတာကြောင့် ဘယ်အဖွဲ့ထောင်တဲ့မိုင်းလဲဆိုတာ မသိရဘူးလို့ အထက်ပါကျေးရွာနဲ့နီးစပ်သူက ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက်ကလည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ ရေအိုးစင်ကျေးရွာအနီးမှာ ထင်းခုတ်သွားတဲ့အမျိုးသား မိုင်းထိပြီးသေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း

















