ရေတာရှည်၊ မေ ၁၀၊ ၂၀၂၅။
ပဲခူးတိုင်း၊ ရေတာရှည်မြို့နဲ့ ကေတုမတီမြို့သစ်ကြား မြောက်နမ်ချွန်ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ စက်သုံးဆီတင်တွဲယာဥ် ၂ စီးတိုက်မိပြီး ၂ ဦးသေဆုံးကာ ၁ ဦး ပျောက်ဆုံးနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။
မေ ၉ ရက် ညနေ ၃ နာရီကျော်မှာ နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ လူ ၄ ဦးပါ ဆီတင်တွဲကားနဲ့ ဆန့်ကျင်ဘက်ယာဥ်ကျောက မောင်းနှင်လာတဲ့ လူ ၃ ဦးပါ ဆီသယ်တွဲကားတို့ဟာ အခင်းဖြစ်တဲ့နေရာအရောက်မှာ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။

” ကျနော်တို့ရောက်တဲ့အချိန်မှာ ကားတွေက တိုက်ပြီးနေပြီဆိုတော့ ဘယ်လိုတိုက်ကြတာလည်းတော့ မသိရဘူး။ တိုက်ပြီးချိန်မှာ ကိုယ်ထည်တွေက လမ်းပေါ်ကျန်ပြီးတော့ ခေါင်းတွေက ရေထဲထိကိုကျကုန်တာ။ ခေါင်းထဲညပ်နေသူတွေတောင်မနည်းဆွဲထုတ်လာရတယ် “လို့ ကူညီလုပ်ဆောင်ပေးခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။
ယာဥ်တိုက်မှုကြောင့် တွဲကားခေါင်းတွဲတွေက ရေအနက် ၃ ပေကျော်ရှိ လမ်းဘေးရေမြောင်းအတွင်းထိုးကျခဲ့ပြီး နေပြည်တော်ဘက်က မောင်းနှင်လာတဲ့ လူ ၄ ဦး ပါ ဆီတင်တွဲယာဥ်ပေါ်က ယာဥ်မောင်းအမျိုးသားသေဆုံး၊ ဇနီးဖြစ်သူပျောက်ဆုံးနေကာ ယာဥ်မောင်းရဲ့သားဖြစ်သူနဲ့ ယာဥ်နောက်လိုက်မှာ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အလားတူ မျက်နှာချင်းဆိုင် ရန်ကုန်ဘက်က မောင်းနှင်လာတဲ့ လူ ၃ ဦးပါ တွဲယာဥ်ပေါ်ကလည်း ဖြူးမြို့နယ်နေသူ အသက် ၂၇ နှစ်အရွယ် ယာဥ်နောက်လိုက်အမျိုးသား သေဆုံးခဲ့ကာ ယာဥ်မောင်းနဲ့ ဇနီးဖြစ်သူတို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ယာဥ်တိုက်မှုကြောင့် ထိခိုက်သေဆုံးသူတွေကိုတော့ လူမှုကူညီရေးအသင်းတွေက ကောက်ယူပြီး တောင်ငူဆေးရုံကိုပို့ဆောင်ပေးခဲ့ကာ စိုးရိမ်ရသူယာဥ်မောင်းအမျိုးသားကို ရန်ကုန်ဆေးရုံလွှဲပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

မေ ၁၀ ရက် ဒီကနေ့မနက်မှာ ရေမြောင်းအတွင်းကျနေတဲ့ တွဲယာဥ်ခေါင်းပိုင်း ၂ ခုကို ကရိန်းကားတွေနဲ့ဆွဲတင်ခဲ့ပေမယ့် တွဲခေါင်းတွေကြားပျောက်ဆုံးနေတဲ့ ယာဥ်မောင်းရဲ့ ဇနီးဖြစ်သူ ဒီကနေ့လည်ပိုင်းအထိ ပြန်မတွေ့ရသေးဘူးလို့ ဆိုပါတယ်။
ဧပြီ ၃ ရက်ကလည်း ရေတာရှည်မြို့နယ်အပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမှာ မန္တလေး ငလျင်ဘေးကူညီဖို့သွားတဲ့ ကား ၁ စီးတိမ်းမှောက်လို့ ၅ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ