ပခုက္ကူ၊ ဧပြီ ၂၄၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီလေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၃ ဦးထိခိုက်ခဲ့တယ်လို့ ဧရာဒေါင်း ကြက်ကလေးတပ်ဖွဲ့ဆီက သိရပါတယ်။
ဧပြီ ၂၃ ရက် ညနေ ၄ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ စစ်ကောင်စီရဲ့ဂျက်ဖိုက်တာ ၂ စီးပေါ်ကနေ Rocket ၃ လုံးနဲ့ ဆယ်ပင်စု၊ ရွာသစ်၊ အောက်ကျင်းနဲ့ ဖလံအိုးကျေးရွာအနီးကို ပစ်ခတ်တိုက်ခိုက်ရာမှာ ထိခိုက်သေဆုံးခဲ့ကြတာပါ။


“အမျိုးသမီးတဦးကတော့ နေရာတင်ပွဲချင်းပြီးသေဆုံးတာ၊ အမျိုးသား ၃ ဦးကတော့ ဒဏ်ရာရတယ်၊ ပျက်စီးမှုကတော့ နေအိမ် ၃ လုံး၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေပါ” လို့ ဧရာဒေါင်းကြက်ကလေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဆယ်ပင်စုကျေးရွာက အသက် ၁၈ နှစ်အရွယ်အမျိုးသမီး ၁ ဦးသေဆုံးကာ ရွာသစ်ရွာက အသက် ၁၇ နှစ်အရွယ် အမျိုးသား ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဆယ်ပင်စုရွာက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ် ၃ လုံးအပါ တိုက်ခိုက်ခံရတဲ့ ကျေးရွာတွေက စုစုပေါင်းနေအိမ် ၅ လုံးပျက်စီးခဲ့ပါတယ်။


“စစ်ရှောင်တွေနေတဲ့ဘုန်းကြီးကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ပေမယ့် ပစ်မှတ်ကိုမထိဘဲ ဘုန်းကြီးကျောင်းဘေးမှာရှိတဲ့ နေအိမ် ၂ လုံး မီးလောင်ပျက်စီးပြီးအဲ့အိမ်နားကလူတွေထိသွားတာ”လို့ အညာမြေအရပ်ဖက်အဖွဲ့အစည်း (မြိုင်)ရဲ့ တာဝန်ရှိတဦး ကပြောပါတယ်။
Rocket အပြင် စက်သေနတ်၊ မီးလောင်ဗုံးတွေလည်း ပစ်ခတ်ကြဲချသွားတာဖြစ်ပြီး ခုလိုပစ်ခတ်မှုတွေလုပ်ခံနေရတဲ့ ဒေသခံတွေအနေနဲ့လေကြောင်းအန္တရာယ်ကို သတိထားကြဖို့ သူကဆက်ပြောပါတယ်။
“ပျူရွာတွေ တအားများတဲ့နေရာတွေဆိုတော့ အနီးအနားကရွာတွေကိုချခိုင်းနေတဲ့ သဘောတွေ ဖြစ်မယ်။ ခုချိန်မှာစစ်ကောင်စီက ပြည်သူများကိုပဲ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် ပြည်သူအားလုံး လေကြောင်းအန္တရာယ်အထူးသတိရှိဖို့လိုနေပြီ” လို့ အညာမြေအရပ်ဖက်အဖွဲ့အစည်း (မြိုင်)ရဲ့တာဝန်ရှိသူတဦး ကပြောပါတယ်။
ဧပြီလ ဒုတိအပတ် သင်္ကြန်အတွင်းကစပြီး ပခုက္ကူမြို့နယ်အတွင်းကို ဗုံးကြဲတိုက်ခိုက်တာတွေ ခပ်စိပ်စိပ်လုပ်လာတဲ့အတွက် ဖလံအိုရွာ၊ ကံပေါက်စုရွာ၊ ကြယ်ပင်စုရွာ၊ အောက်ကျင်းစုရွာ၊ ရွာသစ်ရွာ၊ ရိုးယာရွာ၊ တမာပင်ရွာ၊ ပူရွာ၊ မြေနီတွင်းရွာ၊ ချိုင်ရွာတွေက ဒေသခံ ၅ ထောင်ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
သတင်း – ဒိန်းဂျား၊ ဟယ်သာ၊ စာတည်း – လင်း