မြေလတ်အသံ၊ ဇွန် ၂၁၊ ၂၀၂၅။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းပိုင်းနံဘေးက နတ်ရေကန်တောင်ဗျူဟာစခန်းကုန်းရဲ့ ကာကင်းစခန်းတခုကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ CDF-Asho က ပြောပါတယ်။
ဇွန် ၂၀ ရက်မနက် ၇ နာရီကျော်မှာ တပ်မ ၉၉ လက်အောက် စစ်အင်အား ၃၀ ခန့်ရှိ ခွန်ဇူရွာလမ်းခွဲအနီး ကာကင်းစခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

” စခန်းကိုဖျက်ဆီးနိုင်ခဲ့တယ်။ စခန်းက စကစတွေကတော့ ကာကင်းစခန်းအနီး မီတာ ၁,၀၀၀ကျော်အကွာ ပဇီရွာဘက်ကိုထွက်ပြေးသွားခဲ့ကြတယ်” လို့ CDF-Asho တာဝန်ခံ ဆလိုင်းရိုးချင်းက မြေလတ်အသံကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက် စခန်းအတွင်း ရှင်းလင်းရေးလုပ်ဆောင်ချိန် MA အမျိုးအစားလက်နက်ငယ် ၅ လက်၊ BA 100 ကွန်မန်ဒိုစိန်ပြောင်း ၁ လက်နဲ့အတူ ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါကာကင်းစခန်းတိုက်ပွဲကို လူ့ဘောင်သစ်တပ်မတော်-NSA၊ အရှိုချင်းကာကွယ်ရေးတပ်-ACDF ၊ CDF-Asho မဟာမိတ် ၃ ဖွဲ့ကပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း CDF-Ashoမှ ရဲဘော် ၁ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ငဖဲမြို့နယ်အတွင်းမှာ CDF-Asho က နတ်ရေကန်လမ်းဟောင်းကို ဖြတ်တောက်တိုက်ခိုက်ရေးလုပ်ဆောင်နေချိန် ဇွန် ၁၂ ရက်ကနေ ၁၄ရက်အထိ ၃ ရက်တာအတွင်းမှာလည်း စစ်ကောင်စီတပ်သား ၁၄ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

နတ်ရေကန်တောင်ဗျူဟာကုန်းစခန်းကို အာရက္ခတပ်တော်-AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ဖို့လုပ်ဆောင်နေပြီး လက်ရှိမှာအဆိုပါ စခန်းပတ်လည်ကို ဝိုင်းဝန်းပိတ်ဆို့ထားကာ အဲ့ဒီဗျူဟာကုန်းနဲ့ ၁ မိုင်ခန့်အကွာက အဓိကကာကင်းစခန်းကြီးတခုဖြစ်တဲ့ တာဝါတိုင်စခန်းကိုလည်း ဇွန် ၃ ရက်မှာ အပြီးသတ်သိမ်းပိုက်ရရှိထားပါတယ်။
စာတည်း – ဟိန်းစံ