သဲကုန်း၊ ဇူလိုင် ၆၊ ၂၀၂၆
ပဲခူးတိုင်း၊ သဲကုန်းမြို့၊ ဆရာအတတ်သင် (၁) လမ်းမှာ အထိုင်ချထားတဲ့ စစ်ကော်မရှင်ဂိတ်စခန်းမှာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး နှစ်ဖက်ကျဆုံးမှုရှိတယ်လို့ ပြည်ခရိုင်တပ်ရင်း ၁ က ဇူလိုင်လ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၂ ရက်နေ့ညနေ ၄ နာရီ ၁၅ မိနစ်ခန့်မှာ အင်အား ၃၀ ခန့်ရှိနေတဲ့ စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို သွားရောက်တိုက်ခိုက်ခဲ့ရာမှာ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ဖြစ်ပွါးခဲ့တယ်လို့ ဆိုပါတယ်။
“စကစဘက်က ထိခိုက်သေဆုံးက မြင်ရတာရှိတယ်။ (PDF) ကျဆုံးရဲဘော်က တိုက်ပွဲဖြစ်ပြီး စကစအင်အားတိုးလာတော့ နောက်ပြန်ဆုတ်တာ။ သူက နောက်ဆုံးကနေခံ ပစ်ပေးနေတော့ သူကိုဝိုင်းပစ်တာမှာ ကျသွားတယ်။ သူကိုတက်ဆွဲတဲ့ရဲဘော်ပါ ဒဏ်ရာရခဲ့သေးတယ်”လို့ ပြည်ခရိုင်တပ်ရင်း(၁) စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် SHADOW ကပြောပါတယ်။
ကျဆုံးတပ်စုမှူး ရန်ကြီးအောင်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်ကတည်းက တော်လှန်ရေးထဲဝင်ရောက်လာသူဖြစ်ကာ တပ်ရင်းအတွက်အားထားရတဲ့ ရဲဘော်ကောင်း တယောက်ဖြစ်တာကြောင့် သူကျဆုံးမှုအတွက် တပ်ရင်းမှာများစွာဆုံးရှုံးနစ်နာရတယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ပွဲအတွင်း အသက် ၂၅ နှစ်အရွယ် တပ်စုမှူး ရန်ကြီးအောင် ကျဆုံးခဲ့ပြီး နောက်ထပ် တပ်ဖွဲ့ဝင်တဦးလည်း ဒဏ်ရာရခဲ့ပါတယ်။
စစ်ကော်မရှင်ဘက်ကတော့ ၅ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ တပ်ရင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ကျဆုံးတပ်စုမှုးရဲ့ နာရေးကိုတော့ ဇူလိုင်လ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ နှစ်စပိုင်းကနေ ၂၀၂၆ ဇူလိုင်လ ၆ ရက်နေ့အထိကာလအတွင်းမှာ တိုက်ပွဲအတွင်း ပြည်ခရိုင်တပ်ရင်း ၁ က ကျဆုံးထားသူ ၄ ဦးရှိတယ်လို့ သိရပါတယ်။