မန္တလေး၊ သြဂုတ် ၁၅၊ ၂၀၂၅။
မန္တလေးမြို့မှာ စစ်ကော်မရှင်လက်အောက်တပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးရာမှာ မိုဘိုင်းဖုန်းအတွင်း Virtual Private Network – VPN ဆော့ဖ်ဝဲလ် ရှိ၊ မရှိ စစ်ဆေးကာ ငွေညှစ်တောင်းခံတာတွေ ပြန်လည်ပြုလုပ်လာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သြဂုတ် ၁၂ နဲ့ ၁၃ ရက်တွေမှာ မဟာအောင်မြေမြို့နယ် ၈၃ လမ်း၊ ၃၅×၃၆ ကြားနေရာမှာ လက်နက်ကိုင်ဆောင်ထားတဲ့ စစ်သား၊ရဲနဲ့ယာဥ်ထိန်းရဲ ပူးပေါင်းအင်အား ၈ ဦးခန့်ဟာ ယာဥ်နဲ့လူတွေကို စစ်ဆေးရာမှာ လူလိုင်စင်၊ ယာဥ်လိုင်စင်တွေအပြင် မိုလ်ဘိုင်းဖုန်းတွေကိုပါယူဆောင်ကာ VPN ဆော့ဖ်ဝဲလ် အသုံးပြု၊ မပြု စစ်ဆေးတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်လက်အောက်တပ်ဖွဲ့တွေဟာ မဟာအောင်မြေမြို့နယ် ၈၃ လမ်း ၃၅×၃၆ ကြား ၊ ချမ်းမြသာစည်မြို့နယ် ၁၀၇ လမ်း ၅၈×၅၉ ကြားနဲ့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ၆၂ လမ်း ၁၃၈×၁၃၉ ကြား၊ ၅၈ လမ်း ၁၂၉ × ၁၃၀ ကြား လမ်းထောင့်နေရာတွေမှာ အဓိကစစ်ဆေးလေ့ရှိပြီး ရွေ့လျားစနစ်နဲ့ စစ်ဆေးမှုတွေလုပ်ဆောင်တယ်လို့ သိရပါတယ်။
” လက်တားပြီး ရပ်ခိုင်းတယ်။ အရင်ကလို လူလိုင်စင်၊ယာဥ်လိုင်စင် စစ်ပြီးရင်ပြန်မလွှတ်ပေးဘဲ ဘေးနားခဏချ ရပ်ခိုင်းသေးတာ။ ဖုန်းစစ်တယ် လော့ချထားရင် ဖွင့်ခိုင်းတယ်ဗျာ။ အဲ့မှာ VPN အရင်ရှာတယ် မတွေ့ဘူးဆိုရင် ဖေ့ဘုတ်စ်ရှာတယ်” လို့ လက်ကိုင်ဖုန်းအတွင်း VPN စစ်ဆေးခံခဲ့ရသူ မြို့ခံအမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။
လက်ကိုင်ဖုန်းကို စစ်သားတွေက သီးခြားစစ်ဆေးတာဖြစ်ပြီး ဖုန်းအတွင်း VPN ဆော့ဖ်ဝဲလ်တခုတည်းတွေ့ရှိပါက ငါးသောင်းကျပ်၊ VPNနဲ့ ဖေ့စ်ဘုတ်ဆော့ဖ်ဝဲလ်၂ ခုတွဲတွေ့ရှိပါက တသိန်းကျပ်အထိ ငွေညှစ်တောင်းခံကာ တောင်းခံငွေပမာဏအတိုင်းမပေးဆောင်ပါက ဆိုက်ဘာလုံခြုံရေးဥပဒေနဲ့ ဖမ်းဆီးအရေးယူမယ်ဆိုကာ ခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့တွေရဲ့ မန္တလေးမြို့တွင်းရွေ့လျားစစ်ဆေးမှုတိုင်းမှာ VPN ကို စစ်ဆေးတာမဟုတ်ဘဲ နေရာတချို့မှာသာ VPNဆော့ဖ်ဝဲလ် အသုံးပြုခြင်း ရှိ၊ မရှိကို ရှောင်တခင်စစ်ဆေးနေတာလို့လည်း သိရပါတယ်။
နောက်ထပ်မန္တလေးမြို့ခံအမျိုးသမီးတဦးကတော့ စစ်ကော်မရှင်တပ်ဖွဲ့တွေရဲ့ မြို့တွင်းစစ်ဆေးမှုတွေအတွင်း VPN စစ်ဆေးခံရမှုကို မကြုံတွေ့ရသေးဘဲ ပျူစောထီးတွေကြီးစိုးတဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေမှာ VPN စစ်ဆေးမှုတွေ ပိုမိုကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။
” ဒီ လမ်း ၁၂၀ ကျော် ပျူတွေကြီးစိုးတဲ့ဘက်မှာဆို ဖြစ်ကောင်းဖြစ်နိုင်လောက်တယ်။ ပြီးခဲ့တဲ့ရက်က မြို့ထဲမှာ ဖမ်းခံရတာတော့ ရဲ ၆ ယောက်လောက် လမ်းဘေးရပ်ပြီး ယာဥ်မောင်းလိုင်စင်၊ ဆိုင်ကယ်လိုင်စင်စစ်တာရှိတယ်။ ဖုန်းယူစစ်တာတော့ မရှိခဲ့ဘူး” လို့ ၎င်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်မှာ စစ်ကော်မရှင်က ဆိုက်ဘာလုံခြုံရေးဥပဒေကို စတင်ပြဌာန်းတဲ့နောက် အဲ့ဒီလပိုင်းအတွင်း မန္တလေးမြို့မှာ စစ်ကော်မရှင်တပ်နဲ့ရဲတပ်ဖွဲ့တွေ၊ ပျူစောထီးတွေက VPN စစ်ဆေးကာ ဖမ်းဆီးငွေတောင်းခံမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။
အဲ့ဒီနောက် ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းအထိ VPN စစ်ဆေးဖမ်းဆီးငွေညှစ်မှုတွေ လုပ်ဆောင်တာမတွေ့ရတော့ဘဲ ဇူလိုင် ၃၀ ရက်မှာ ဆိုက်ဘာလုံခြုံရေးဥပဒေ စတင်အာဏာတည်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်လာပြီးနောက် ယခု ဩဂုတ်လအတွင်း VPN စစ်ဆေး ဖမ်းဆီးငွေညှစ်မှုတွေကို စစ်ကော်မရှင်တပ်ဖွဲ့တွေက ပြန်လည်လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်တပ်က ဖေ့စ်ဘွတ်အပါအဝင် ဆိုရှယ်မီဒီယာပလက်ဖောင်း တချို့ကို အသုံးပြုခွင့်ပိတ်လိုက်ပြီးတာကြောင့် VPN ခေါ် Vritual Private Network ခံကာ ဆိုရှယ်မီဒီယာတွေကို ဆက်လက် အသုံးပြုလာကြတာပါ။
စစ်ကောင်စီရဲ့ဆိုက်ဘာလုံခြုံရေးဥပဒေအရ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ Virtual Private Network VPN ထူထောင်တာ (သို့မဟုတ်) ဝန်ဆောင်မှုပေးတာတွေ လုပ်ဆောင်ပါက ထောင်ဒဏ်ရော၊ ငွေဒဏ်ပါ ကျခံရနိုင်တယ်လို့ ဖော်ပြထားပါတယ်။
စာတည်း – ဟိန်းစံ