မြင်းမူ၊ နိုဝင်ဘာ ၃၀၊ ၂၀၂၅ ။
စစ်ကိုင်းတိုင်း၊ မြင်းမူနဲ့အရာတော်ကကျေးရွာတွေမှာ ဆေးခြောက်ပင် စိုက်ပျိုးရောင်းချသူများလာတယ်လို့ ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့ဝင်တဦးထံက သိရပါတယ်။
ဆေးခြောက်ပင်တွေကို တော်လှန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့ အရာတော်မြို့နယ်တောင်ဘက်ရှိ ကဲဘာ၊ မင်းရွာ၊ ညောင်ခြေထောက်၊ ရသာ၊ ဆင်တလည်၊ မလဲသာကျေးရွာတွေနဲ့ မြင်းမူမြို့နယ် အရှေ့မြောက်ဘက်ရှိထိန်ကန်၊ ရွှေစောင်းကန်၊မွှေးလှကျေးရွာတွေမှာ ၂၀၂၃ ကစတင်ကာ လက်ရှိအထိ အများအပြားစိုက်ပျိုးရောင်းချလာကြတာလို့ ဆိုပါတယ်။

” စိုက်တာက ပြည်သူတွေစိုက်တယ်။ ရပ်ကျေးအဖွဲ့(ပကဖ၊ပလဖ၊ပအဖ)တွေလည်း ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက သိပ်မများဘူးရယ်။ ဒီနှစ်တော့ ပိုများလာတယ်။ ၁ ရွာမှာ အပင်ရေ ၈ သောင်း ၁ သိန်းလောက်ရှိတယ်။” လို့ မုံရွာခရိုင်အတွင်းစစ်ရေးလှုပ်ရှားတဲ့ ကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
ဆေးခြောက်ပင်စိုက်ပျိုးမှုများလာတာကြောင့် ဒေသခံလူကြီးပိုင်းတွေကြားမှာ သုံးစွဲလာကြသလို အသက်မပြည့်သေးတဲ့ လူငယ်တွေမှာလည်း ခိုးယူသောက်သုံးတာမျိုးတွေလည်းရှိလာတယ်လို့ ဆိုပါတယ်။
” ၁၄ ၊ ၁၅ အရွယ်တွေက ခိုးပြီးတော့ သောက်လာကြတယ်။ လူကြီးပိုင်းတွေကတော့ ကြိုက်တဲ့သူက တော်တော်များများ သုံးလာကြတယ်။ ရောင်းစားတာတွေရှိတယ်။ လောလောဆယ် ပြဿနာဖြစ်နေတာမရှိသေးဘူး။ အခုမှစရောက်ခါစဆိုတော့ စိတ်ပူလို့ထောက်ပြတာ။ ခုနေမရှင်းလင်းရင် နောက်ကျမထိန်းနိုင်မှာကြောက်တာ။ ဒီအတိုင်း အချို့နယ်တွေလို ဒီအတိုင်းလွှတ်ထားရင် အကုန်ပျက်စီးကုန်မှာ နီးတဲ့ကလေးတွေက။ ကိုယ့်အနီးနားဝန်းကျင်ရှိနေတယ်ဆို သူနေနေကိုယ်နေနေ သုံးမိမှာပဲ။ မစွဲလမ်းတဲ့သူ မဖြစ်ပေမယ့် စွဲလမ်းသူဆို ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်တယ်။”လို့ အထက်ပါဒေသကာကွယ်ရေးအဖွဲ့ဝင်ကပြောပါတယ်။


ဒေသတွင်းမှာ ဆေးခြောက်တွေ စိုက်ပျိုးထုတ်လုပ်ရောင်းချတာတွေများလာနေပေမယ့် သက်ဆိုင်ရာမြို့နယ် ပကဖ၊ ပအဖ၊ ပလဖ တွေက ထိရောက်အောင် အရေးယူဆောင်ရွက်တာတွေမရှိဘူးလို့လည်း သူက ဆိုပါတယ်။
မြင်းမူမြို့နယ်အတွင်း ဆေးခြောက်စိုက်ပျိုးရောင်းချနေတာတွေနဲ့ ပတ်သက်ပြီး ယခုနှစ် ၂၀၂၅ အတွင်း သတိပေးဖမ်းဆီးမှုတွေ လုပ်ဆောင်ထားပြီးဖြစ်တယ်လို့ မြင်းမူမြို့နယ်ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။
” ဒီနှစ်ထဲမှာတင် ၂ ခါ ၃ ခါလောက်ဖမ်းထားတယ်။ ခုလောလောဆယ်တော့ မြင်းမူနယ်ထဲမှာ ထပ်မကြားဘူး။ ပထမတခါဖမ်းကတည်းက ဝမ်နင်(Warning)ပေးထားတာ။ နောက်တခါထပ်စိုက်ရင် ဖမ်းဆီးမယ်။ လူတွေပါဖမ်း၊ ပစ္စည်းတွေသိမ်းမယ်ဆိုပြီး ပြောခဲ့ပြီးသားပါ။” လို့ သူက ပြောပါတယ်။


မြင်းမူ၊ အရာတော်နယ်တွေက ယခင်က ဆေးခြောက်စိုက်ပျိုးထုတ်လုပ်တာမျိုးမရှိဘဲ ဒေသထွက်ရာသီ သီးနှံတွေကိုသာ စိုက်ပျိုးကြပြီး ၂၀၂၂ နှစ်ကုန်ပိုင်းကစတင်ကာ ဆေးခြောက်ပျိုးပင်နဲ့မျိုးစေ့တွေရောက်လာပြီး စိုက်ပျိုးကြတာကနေ တစထက်တစ တွင်ကျယ်စွာစိုက်ပျိုးလာကြတယ်လို့ ဆိုပါတယ်။
စိုက်ပျိုးရရှိလာတဲ့ ဆေးခြောက်အရွက်၊ အဖူးတွေကို အခြောက်ခံပြီးနောက် အရည်အသွေးပေါ်မူတည်ပြီး ၁ ပိဿာကို ကျပ် ၈ သိန်းမှ ၁၀ သိန်းထိစျေးရရှိကာ ပွဲစားတွေက စိုက်ခင်းတွေအထိ လာရောက်ဝယ်ယူကြတယ်လို့ ဆိုပါတယ်။
ဆေးခြောက်စျေးကောင်းတာကြောင့် ဒေသခံတွေအနေနဲ့ ဒေသကောက်ပဲသီးနှံတွေကို မစိုက်ပျိုးကြတော့ဘဲ ဆေးခြောက်ပင်တွေကိုသာ ပြောင်းလဲစိုက်ပျိုးလာကြသလို တချို့မှာလည်း ဒေသသီးနှံစိုက်ခင်းတွေကြားမှာ ရောနှောစိုက်ပျိုးကြတာမျိုးတွေ ပြုလုပ်လာကြတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ









