မလှိုင်၊ ဒီဇင်ဘာ ၂၈၊ ၂၀၂၅။
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ဆည်တိုကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာမှာ စစ်ကော်မရှင် သတင်းပေးဆိုသူ ၂ ဦးကို ပစ်ခတ်ခဲ့တယ်လို့ မလှိုင်မြို့နယ်ပကဖ တာဝန်ရှိသူတွေဆီက သိရပါတယ်။
ပစ်ခတ်ခံရသူတွေဟာ ညောင်ကုန်းကျေးရွာနေ အသက် ၆၀ အရွယ် ဦးမော်နဲ့ အသက် ၅၀ အရွယ် ကိုမောင်မောင်ကြီး (ခ) ငသက်တို့ကို ဒီဇင်ဘာ ၂၇ ရက်မနက် ၆ နာရီခန့်မှာ ကျေးရွာချင်းဆက်လမ်းပေါ်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“သူတို့အိမ်ထဲမှာ ဝင်ဆွဲတယ်။ ရွာအပြင်ဘက် ညောင်ကုန်းနဲ့ရွာသစ်ကြားမှာ ပစ်ခတ်ခဲ့တာ။ သေနတ်နဲ့ပစ်ခဲ့တာ။ ၄ ချက် ၁ ယောက် ၂ ချက်စီပစ်ခဲ့တာ။”လို့ မလှိုင်မြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
ပစ်ခတ်ခံရသူ ၂ ဦးကနေရာမှာတင်သေဆုံးသွားပြီး စစ်ကော်မရှင်ဘက်က လာကောက်တာမျိုး၊ လာစစ်ဆေးတာမျိုးမရှိတာကြောင့် မိသားစုဝင်တွေက အလောင်းကိုကောက်ယူပြီး သင်္ဂြိုဟ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဦးမော်နဲ့ ကိုမောင်မောင်ကြီး (ခ) ငသက်တို့ ၂ ဦးဟာ စစ်ကော်မရှင်တပ်ဆီ သတင်းပေးတာ၊ စစ်ကြောင်းထိုးဖို့ လမ်းပြလုပ်ဆောင်ပေးတာတွေကြောင့်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
ဒီဇင်ဘာ ၁၉ ရက်ကလည်း မလှိုင်မြို့နယ်၊ လယ်ကြီး၊ မျက်သီးကျင်း၊ ရုံးတောကျေးရွာတွေမှာ ၁ ရက်တည်း အုပ်ချုပ်ရေးမှူးအပါအဝင် ၆ ဦးကို မလှိုင်ပကဖအဖွဲ့ဝင်တွေက ပစ်သတ်ခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း