မဲပေးသူ ၅၀ ရာခိုင်နှုန်းအထက်ရှိရင် လူအများစုဆန္ဒအဖြစ် သတ်မှတ်နိုင်တယ်လို့ဆို
မြေလတ်အသံ၊ ဩဂုတ် ၁၃၊ ၂၀၂၅။
ရွေးကောက်ပွဲကျင်းပနိုင်မယ့်မြို့နယ်တွေ ပိုမိုတိုးတက်ရရှိရေး ဆောင်ရွက်ဖို့ စစ်ကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့တယ်လို့ စစ်ကော်မရှင်ပိုင်မီဒီယာတွေက ဖော်ပြပါတယ်။
စစ်ကော်မရှင်ကို ပြောင်းလဲဖွဲ့စည်းပြီးတဲ့နောက် ပထမအကြိမ်အစည်းအဝေးကို ဩဂုတ် ၁၂ ရက် ယမန်နေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင် ဦးဆောင်ကာ ပြုလုပ်ခဲ့ပြီး အစည်းအဝေးမှာ အခုလိုပြောကြားခဲ့တာပါ။
ရွေးကောက်ပွဲကျင်းပနိုင်မယ့်မြို့နယ်တွေ ပိုမိုတိုးတက်ရရှိရေး ဆောင်ရွက်ရမယ့် စစ်ဆင်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို အဲ့ဒီအစည်းအဝေးမှာ ညှိနှိုင်းမှာကြားခဲ့တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲဥပဒေအရ ဆန္ဒမဲပေးသူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်မယ်လို့ သတ်မှတ်ပြဌာန်းထားခြင်းမရှိကြောင်း၊ ၅၀ ရာခိုင်နှုန်းနဲ့အထက် ဆန္ဒမဲပေးနိုင်မယ်ဆိုပါက လူထုအများစုရဲ့ ဆန္ဒပါဝင်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ကြောင်းလည်း ၎င်းက ပြောပါတယ်။
အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အစည်းအဝေးအထမြောက်ဖို့အတွက် ပထမဆုံးလွှတ်တော်အစည်းအဝေးကျင်းပရာမှာ လွှတ်တော်တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ်ဦးရေရဲ့ ထက်ဝက်ကျော်တက်ရောက်ပါက အစည်းအဝေး အထမြောက်တယ်လို့ ဖော်ပြထားကြောင်း၊ အထမမြောက်ပါက ဒုတိယအကြိမ်အစည်းအဝေးမှာ လွှတ်တော်တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ် အနည်းဆုံး ၃ ပုံ ၁ ပုံ တက်ရောက်ပါက အစည်းအဝေးအထမြောက်ကြောင်း ဖော်ပြထားတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် လွှတ်တော်အစည်းအဝေးကျင်းပချိန်မှာ လွှတ်တော်ကိုယ်စားလှယ်ဦးရေအနည်းဆုံး ၅၀ ရာခိုင်နှုန်းတက်ရောက်နိုင်ရေး ရွေးကောက်ပွဲကျင်းပနိုင်မယ့် မြို့နယ်အားလုံးမှာ ကျင်းပနိုင်ရေး ဆောင်ရွက်ရမယ်လို့လည်း ဆိုပါတယ်။
ဇူလိုင် ၃၁ ရက်မှာ နိုင်ငံတဝှမ်း တိုင်းနဲ့ ပြည်နယ် ၉ ခုက မြို့နယ် ၆၃ ခုကို အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ(ကာလုံ)က ရက် ၉၀ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး အဲ့ဒီမြို့နယ်အများစုဟာ တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေဖြစ်တာကြောင့် စစ်ကော်မရှင်က ရွေးကောက်ပွဲမလုပ်နိုင်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေက ခန့်မှန်းထားပါတယ်။
အာရက္ခတပ်တော် – AA က ဩဂုတ် ၁၁ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်အတွင်းက AA အုပ်ချုပ်နေတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲပြုလုပ်ဖို့ ခွင့်မပြုကြောင်းပြောဆိုထားပြီး ကရင့် အမျိုးသားအစည်းအရုံး – KNU ဥက္ကဌကလည်း ရွေးကောက်ပွဲကို လက်မခံဖို့ ပြောဆိုထားသလို မကွေးနဲ့မန္တလေးတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့က စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပါဝင်သူတွေကို အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ စစ်ကော်မရှင်ရဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့က “ဝ” နဲ့ မိုင်းလား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေကို သွားရောက်ပြီး ဒေသဖွံ့ ဖြိုးတိုးတက်ရေးဆိုကာ ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ကြောင်း စစ်ကော်မရှင်ရုပ်သံသတင်းတွေက ဖော်ပြပါတယ်။