တောင်သာ၊ မေ ၃၁၊ ၂၀၂၅။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဝဲလောင်မြို့နဲ့တောင်သာမြို့အကြား ဆီမီးကန်ကျေးရွာအနီးမှာ စစ်ကူသွားတဲ့စစ်ကောင်စီကားတွေ ကြားဖြတ်တိုက်ခံရလို့ ၂ ဦးသေ၊ ၁ ဦးဖမ်းမိတယ်လို့ မေ ၃၁ ရက်မှာ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မေ ၂၇ ရက်ည ၉ နာရီခန့်မှာ တောင်သာဘက်ကနေ ဝဲလောင်ဘက်ကို အင်အား ၃၀ ခန့်ပါ စစ်ကောင်စီကား ၂ စီး မောင်းလာချိန်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“အင်အားဖြည့် စစ်ကူကူးတဲ့အနေထားပါ။ သတင်းဦးမှု လက်ဦးမှုရယူပြီး တိုက်ခိုက်နိုင်တယ်။ တိုက်ပွဲက သိပ်တော့မကြာဘူး။ သူတို့ (စကစ)ဘက်က အထိနာတော့ ပြန်ခေါက်ပြေးတာ။ ကြာလှ မိနစ် ၂၀၊ ၃၀ ခန့်လောက်ပါ။”လို့ တောင်သာမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဆိုပါ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၁ ဦးကို အရှင်ဖမ်းမိခဲ့သလို ထွက်ပြေးတဲ့သွားသူတွေမှာလည်း ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် G4 ၁ လက်၊ ကျည်မျိုးစုံ ၈၀၀ ခန့်၊ ဆယ်ပေ ကား ၁ စီး၊ 60 မမ ဗုံးသီး ၆ လုံး၊ Icon ၁ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်ဘောက် ၈ ခု၊ R7 ကျည် ၁ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
မေ ၂၂ ရက်ကလည်း တောင်သာမြို့၊ မင်္ဂလာဦးရပ်ကွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း