ချောင်းဦး၊ ဇန်နဝါရီ ၂၄၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ချောင်းဦးနဲ့ မြင်းမူမြို့နယ်အစပ် မုံရွာ-မန္တလေးလမ်းပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ၂ ဦးကျဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကိုသိရှိတဲ့ ချောင်းဦးအခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးဆီက သိရပါတယ်။
ဇန်နဝါရီ ၂၂ ရက်နေ့လယ် ၁ နာရီခန့်မှာ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာနဲ့ မြင်းမူမြို့နယ်၊ အလကပ္ပရွာကြားက အထက်ပါလမ်းပိုင်းမှာ ဆိုင်ကယ်စီးလာတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးကို ကင်းပုန်းဝပ်နေတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“လမ်းဖြတ်ကူးတာ(မြို့နယ်ကူးတာ) ပစ်ခံရတာ။ ကျတာလည်းရှိတယ်။ လမ်းဖြတ်ကူးတာဆိုတော့ အများကြီးတော့မဟုတ်ဘူးရယ်။ **ကင်းပုန်းနဲ့တိုးပြီး ပစ်ခံရတာ။ ဒီဘက်မှာက ကိုယ့်နည်းကိုယ်ဟန်နဲ့ အဆင်ပြေသလိုကူးနေကြတာ။ “လို့ ချောင်းဦးအခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပစ်ခတ်ခံရသူတွေဟာ မုံရွာမြို့နယ်က တပ်ဖွဲ့ဝင်အချို့ဖြစ်ပြီး မြောင်မြို့နယ်ဘက်ကနေ မုံရွာမြို့ဘက်ကို ပြန်လာစဥ် ပစ်ခတ်ခံရတယ်လို့ ယူဆရကာ ဒီပစ်ခတ်မှုအတွင်း ၂ ဦးကျဆုံးကာ ၄ ဦးကတော့ လွတ်မြောက်သွားပြီး ဆိုင်ကယ် ၁ စီးနဲ့ လက်နက်အချို့ဆုံးရှုံးခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ကျဆုံးတပ်ဖွဲ့ဝင်တွေဟာ ဘယ်တပ်ရင်း၊ တပ်ဖွဲ့တွေကဖြစ်တယ်ဆိုတာကို သီးခြားအတည်မပြုနိုင်သေး သလို သက်ဆိုင်ရာအဖွဲ့တွေဘက်ကလည်း သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
စစ်ကော်မရှင်ထောက်ခံတယ်လီဂရမ်တွေမှာတော့ ရေပိုးစာဘုန်းကြီးကျောင်းအနီးလမ်းပိုင်း မုံရွာ-မန္တလေး လမ်းပေါ်မှာ PDF အဖွဲ့နဲ့ပစ်ခတ်မှုဖြစ်ပြီး အလောင်း ၂ လောင်းနဲ့ လက်နက်အချို့ ရရှိထားတယ်လို့ ရေးသားဖော်ပြထားကြပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာ ၃ ရက်ကလည်း ချောင်းဦးမြို့နယ်၊ ချောင်းဦး-ပခုက္ကူလမ်းခွဲနေရာမှာ ဆေးကုသွားတဲ့ ဒေါင်းနီ LPDF ခေါင်းဆောင်ပါ ၄ ဦး စစ်ကော်မရှင်ကင်းပုန်းနဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရသေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း