မြေလတ်အသံ၊ ဇွန် ၂၀၊ ၂၀၂၅။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က အမျိုးသား ၁ ဦး ဓားနဲ့ခုတ်သတ်ခံရပြီး အလောင်းကို အိမ်သာကျင်းထဲကတွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အသတ်ခံရသူဟာ စိုင်ဒူးကျေးရွာမှ အသက် ၅၀ အရွယ် ဦးဖြူမွှေးဖြစ်ပြီး သူဟာ ဇွန် ၁၉ ရက် နေ့လယ် ၃ နာရီကျော်က ကျေးရွာအပြင်ဖက်ရှိ အုတ်လုပ်တဲ့ဝန်းမှာ အုတ်လုပ်သားဦးဆန်းထွန်းရဲ့ သတ်ဖြတ်တာကိုခံလိုက်တာလို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
“သူတို့နှစ်ယောက်က သောက်ရင်းစားရင်းနဲ့ စနောက်လွန်ပြီး ရန်ပါကြတာ။ အသတ်ခံရသူက အလည်ဝင်တာ အုတ်ဖိုကို။ အဲ့မှာသောက်စားကြတာ။ မူးကြတော့ စနောက်တာတွေလွန်ကြတယ်။ ရန်ဖြစ်တော့ လည်ပင်းကိုထန်းတက်တဲ့ဓားနဲ့ကို လှီးလိုက်တာ”လို့ ကျူးလွန်သူနဲ့အတူ အလုပ်လုပ်ကိုင်သူရဲ့ ပြောပြချက်ကို ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
သတ်ဖြတ်မှုမဖြစ်ခင် ဦးဖြူမွှေးနဲ့ ဦးဆန်းထွန်းတို့စကားများရန်ဖြစ်နေတာကို အထက်ပါအတူ အလုပ်လုပ်ကိုင်သူတွေက မြင်တွေ့ခဲ့ရပြီး အားလုံးပြန်သွားချိန်ကျမှ သတ်ဖြတ်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ဦးဖြူမွှေးရဲ့ ရုပ်အလောင်းကိုတော့ မနေ့က ညနေ ၅ နာရီကျော်မှာပဲ အုတ်ဖိုခွင်အနီးရှိ အသစ်တူးထားတဲ့ အိမ်သာကျင်းထဲမှာကျေးရွာသားတွေကတွေ့ရှိခဲ့တာလို့ သူကဆက်ပြောပါတယ်။
သတ်ခဲ့တဲ့ ဦးဆန်းထွန်းကတော့ လက်ရှိအချိန်အထိ ထွက်ပြေးလွတ်မြောက်နေပြီး ဂန့်ဂေါခရိုင်ရှိ တပ်ရင်းတွေနဲ့ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဖမ်းဆီးအရေးယူနိုင်ဖို့ လိုက်လံရှာဖွေနေကြတယ်လို့သိရပါတယ်။

စာတည်း – လင်း