ပေါင်းတည်၊နိုဝင်ဘာ ၂၅၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က အမျိုးသားတဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန်ချီရေး တယ်လီဂရမ်ချယ်နယ်တွေမှာ ဖော်ပြထားပါတယ်။
ပေါင်းတည်မြို့နယ်၊ ပေါက်တောအုပ်စု ပေါက်တောရွာက အသက် ၆၃ နှစ်အရွယ် ဦးသိန်းစံဖြစ်ပြီး၊ နိုဝင်ဘာ ၂၃ ရက်နေ့ မနက် ၇ နာရီလောက်က လယ်ထဲကို ကောက်ရိတ်သွားချိန် အမျိုးသား ၃ ဦးက သေနတ်နဲ့ ပစ်သတ်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။
“သူက PDFတွေကို ကြောက်လို့ ရှောင်နေတာကြာပြီတဲ့၊ ပြန်လာတာ သိပ်မကြာသေးဘူး။ သူကဘာဆိုတာတော့ သေချာမသိဘူး သူလုပ်ထားတာ တခုခုရှိလို့ နေမှာပေါ့”လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူ ဦးသိန်းစံနေထိုင်တဲ့ ပေါက်တောရွာဟာ ခ.မ.ရ (၁၀) အနီးကရွာဖြစ်ပြီး၊ ဒေသခံတွေက ပေါက်တောစစ်တပ်လို့ခေါ်ဆိုပြီး အဲဒီအနီးမှာပဲ ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ တယ်လီဂရမ်မှာဖော်ပြထားတဲ့ ဓါတ်ပုံအရ ဦးသိန်းစံရဲ့ ညာဘက်လက်တံတောင်ဆစ်အောက်နဲ့ ညာဘက် နို့အုံအောက်မှာ ဒဏ်ရာရရှိထားတာကို တွေ့ရပြီး ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ မသိရသလို ထုတ်ပြန်တာမျိုးလည်း မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်ကလည်း ပေါင်းတည်မြို့နယ်နဲ့ နယ်မြေထိစပ်နေတဲ့ သဲကုန်းမြို့နယ် ကန့်လန့်ကုန်းရွာက အုပ်ချုပ်ရေးမှူးဦးဇော်ဌေး ဆိုသူကိုလည်း အမည်မသိလက်နက်ကိုင်ဆောင်သူတွေက သေနတ်နဲ့ ပစ်သတ်ခဲ့သေးတယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ ဒို့ပြည်သတင်းမှာ ဖော်ပြထားပါသေးတယ်။
သတင်း – သော်တာအောင်