မြေလတ်အသံ၊ စက်တင်ဘာ၂၃၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ခင်ဦးနဲ့ရွှေဘိုမြို့နယ်အစပ်မှာ စစ်ကော်မရှင်စစ်ကြောင်းတိုက်ခိုက်ခံရပြီး ဗိုလ်ကြီး ၁ ဦး အပါ ၃ ဦး သေဆုံးခဲ့ကာ တပ်သား ၂ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ခင်ဦးမြို့ နယ်ပကဖထံက သိရပါတယ်။
ခင်ဦးမြို့နယ်၊ မကျီးတုံရွာပျူစောထီးစခန်းကနေ ထွက်ခွာလာတဲ့ အင်အား ၉၀ ခန့်ပါစစ်ကြောင်းဟာ ရွှေဘိုမြို့နယ်အတွင်း ဝင်ရောက်လာချိန် စက်တင်ဘာ ၂၂ ရက် မနက် ၇ နာရီကျော်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” သူတို့သွားမယ့်လမ်းကြောင်းကို မိုင်းပိတ်တယ်။ သူတို့ထွက်လာတဲ့အချိန်မှာ မိုင်း ၂ လုံးမိတယ်။ ၄ ယောက်လောက်ထိတယ်။ အဲ့အချိန်မှာ ကိုယ့်လူတွေကပစ်ကောင်းမယ့်နေရာရောက်တော့ ဝင်လုံးတာ။ သူတို့(လေ့ကျင့်ရေး ၈)ဘက်ကနေ လက်နက်ကြီးစစ်ကူတွေပေးတာ။ လက်နက်ကြီးအလုံး လေး၊ ငါးဆယ်ပစ်တယ်။ ကိုယ့်လူတွေက ကံကောင်းတာပေါ့ဘာမှမထိခဲ့ဘူး” လို့ ခင်ဦးမြို့နယ်ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က ဗိုလ်ကြီး မင်းထက်နဲ့ တပ်ကြပ် ၂ ဦး သေဆုံးခဲ့ပြီး တပ်သား ကျော်သန်းဦးနဲ့ တင်ကိုဦးတို့ကို အရှင်ဖမ်းဆီးနိုင်ခဲ့ကာ BA 100 ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ MA-3 ၄ လက်၊ MA-1 ၅ လက်၊ BA-63( G3 ၁ လက်)၊ ကာဘိုင် ၁ လက်၊ MA-5 ပစ္စတို ၁ လက်၊ ကျည်ဘောက်မျိုးစုံ ၁၂ ခု၊ မိုင်း ၆ လုံး၊ ၆၀ မမ ဗုံးသီးအပါ ဗုံးသီး ၇ လုံး၊ ကျည်ကာဦးထုပ် ၆ လုံး၊ ကျည်ဆန်မျိုးစုံ ၂၉၃ တောင့်၊ ငွေကျပ်သိန်း ၅၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်မှုကိုတော့ အမှတ် ၂ ရွှေဘိုခရိုင်၊ အမှတ် ၃ တပ်ရင်း၊ ခင်ဦးမြို့နယ်ပကဖ၊ တိုက်နယ် ၁၊ ၂၊ ၃၊ ၄၊ ၅ ပကဖ၊ မြို့နယ် ပလဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

စက်တင်ဘာ ၁၈ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ဘုတ်ကုန်းရွာစခန်းက ထွက်လာတဲ့ အင်အား ၈၀ ခန့်ပါစစ်ကြောင်းဟာ မကျီးတုံကျေးရွာစခန်းဘက်ကိုထွက်ခွာလာချိန် တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ