ဝက်လက်၊ နိုဝင်ဘာ ၁၂၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အုတ်ပုံကျေးရွာမှာ အသက် ၆၀ ကျော်အရွယ် အဘွားအိုတဦး လည်ပင်းလှီးသတ်ဖြတ်ခံရပြီး ရွှေငွေ ကျပ်သိန်း ၃၀၀ ကျော်ပါသွား တရားခံတွေလွတ်မြောက်နေတယ်လို့ ဝက်လက်မြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။
သတ်ဖြတ်ခံရသူဟာ ကျေးရွာနေ အသက် ၆၀ ကျော်အရွယ်ရှိ ဒေါ်ဌေးမှီဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၇ နာရီခန့်က နေအိမ်မှာ ရှိနေချိန် လူတစု နေအိမ်ပေါ်တက် ဓားပြတိုက်ပြီး သတ်ဖြတ်သွားခဲ့တာလို့ ဆိုပါတယ်။
“တရားခံတွေ မမိသေးတော့ ဘယ်နှစ်ယောက်ပါတယ်ဆိုတာ မသိရသေးဘူး။ လည်လှီးသတ်သွားတာ။ အခြေနေကတော့ စုံစမ်းနေတုန်း။ မိသားစုဝင်တွေ မရှိချိန် ဖြစ်တာလို့တော့ သိရတယ်။ ရွှေနဲ့ ငွေတွေတော့ ပါသွားတယ်”လို့ ဝက်လက်မြို့နယ် ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဓားပြအုပ်စုရဲ့ လည်လှီးသတ်ဖြတ်မှုကြောင့် ဒေါ်ဌေးမှီမှာ နေရာမှာတင် သေဆုံးသွားပြီး သူအိတ်ထဲက ငွေကျပ် ၂၇၀၀၀၀ နဲ့ သူဝတ်ဆင်ထားတဲ့ ရွှေသုံးကျပ်သားကိုပါ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
လူသတ်ဓားပြမှုကျူးလွန်ထားသူ တရားခံတွေကတော့ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ လွတ်မြောက်နေပြီး သက်ဆိုင်ရာမြို့နယ် ပကဖ၊ ပလဖတွေက တရားခံတွေ ဖမ်းဆီးရမိရေး စုံစမ်းနေကြတယ်လို့ သိရပါတယ်။
လူသတ်ဓားပြမှုဖြစ်ခဲ့တဲ့ အုတ်ပုံကျေးရွာဟာ ရွှေဘိုမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ်က ကျေးရွာဖြစ်ပြီး ရွှေဘိုမြို့နယ် ပလိုင်းပျူစောထီး ကျေးရွာနဲ့ တမိုင်ကျော်ခန့်သာ ဝေးတဲ့ ကျေးရွာဖြစ်လို့ ပျူစောထီးအဖွဲ့တွေ လက်ချက်ဖြစ်နိုင်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ခန့်မှန်းနေကြတယ်လို့ သိရပါတယ်။
သတင်း – မောင်မှိုင်း