မကွေး၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၃။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က မြစ်ခြေမွေးမြူရေးတပ်စခန်းကို ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်လို့ အထိနာသွားတဲ့စစ်တပ်ဟာ ဖေဖေါ်ဝါရီလ ၁၂ ရက် ဒီနေ့မနက်မှာ ဒေသခံပြည်သူ ၈ ဦးထက်မနည်းကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
မြစ်ခြေမြို့က ပန်းခြံ၊ စျေးလမ်းထိပ်နဲ့ မြစ်ခြေ – ကမ္မ လမ်းစုံတွေမှာ ကားနဲ့ ဆိုင်ကယ်တွေကိုပါ စစ်ဆေးတဲ့အပြင် ဖုန်းတွေကိုပါ စစ်ဆေးကာ ဖမ်းဆီးနေတာလို့ ဆိုပါတယ်။
“ဒီနေ့မနက်အစောကြီးကတည်းက ပျူတွေ၊ ရဲတွေ စစ်သားတွေ စစ်ဆေးနေတာ အင်အားကတော့ မသိရဘူး။ မနက် ၁၀ နာရီသလောက်ကစပြီး အပြင်မထွက်ရဘူး။ မာရှယ်လောလို့လည်း ပြောသေးတယ်။ ပြည်သူ ၈ ဦးကိုလည်း ဖမ်းသွားတယ်။ အဓိကကတော့ စစ်တပ်က PDFကို မနိုင်လို့ ပြည်သူကို မဲတာပဲ” လို့ ဒေသခံတဦးက ပြောပါတယ်။
လက်ရှိမှာ မြစ်ခြေဒေသဝန်းကျင်ကို တောင်သာနဲ့ ပခုက္ကူဘက်က ရောက်ရှိလာတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီးအင်အား ၄၀၀ လောက်နဲ့ စစ်ကြောင်းတွေ ခွဲကာ လှုပ်ရှားနေတယ်လို့လည်း သူကဆက်ပြောပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်မနေ့ မနက်ပိုင်းက မြစ်ခြေမွေးမြူရေး တပ်စခန်းကို ဒေသခံ PDF တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့လို့ အရာရှိ ၂ ဦးအပါ ၇ ဦး သေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိကာ လက်နက်အချို့ သိမ်းဆည်းနိုင်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။