ဂန့်ဂေါ၊ နိုဝင်ဘာ ၅၊ ၂၀၂၆။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါနဲ့ မောက်ရွာသွားလမ်းပိုင်းမှာ မိခင်နာရေးကို ပြန်လာတဲ့ သားအဖနှစ်ဦး မိုင်းထိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေထံကသိရပါတယ်။
နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၆ နာရီခန့်က အသက် ၄၀ ကျော်အရွယ် ကိုအောင်မျိုးလွင်နဲ့ အသက် ၁၀ နှစ်အရွယ် သားဖြစ်သူတို့ဟာ ဂန့်ဂေါကနေ မောက်ရွာကို လမ်းလျှောက် ပြန်လာစဉ် စိုင်တူးတံတားအနီးမှာ မိုင်းထိခဲ့တာလို့ဆိုပါတယ်။
“ကိုအောင်မျိုးလွင်က (သူ့) အမေဆုံးလို့ ရန်ကုန်က သားအဖ နှစ်ယောက် ပြန်လာကြတာ။ ဂန့်ဂေါရောက်တော့ ညနေ ၆ နာရီလောက်ရှိနေပြီ၊ ခလရ ၅၀ ဂိတ်ကို သူတို့ မေးသေးတယ်။ ပြန်လို့ရလားပေါ့။ ရတယ် ပြန်ဆိုတော့ လမ်းလျှောက် ပြန်ကြတာ။ မိုင်းကွဲသံကြားတော့ ရွာသားတွေက ပထမအကြိမ် သွားကြည့်ကြသေးတယ်။ မတွေ့ဘူး။ ဒုတိယအကြိမ် သွားကြည့်မှ ကလေး ဖိနပ်လေးတွေ့လို့ လိုက်ရှာမှ တံတားအောက်မှာ သားအဖ နှစ်ယောက်ကို တွေ့ရတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
မိုင်းထိတာကြောင့် ကလေးငယ်မှာ ဆီးခုံရင်ဘတ်တွေမှာ မိုင်းစမှန်ပြီး နေရာမှာတင် သေဆုံးသွားသလို ဖခင်ဖြစ်သူမှာတော့ ခြေထောက်၊ ခေါင်းနဲ့ ဝမ်းဗိုက်တွေမှာ မိုင်းစမှန်ပြီး ပြင်းထန်ဒဏ်ရာရထားကာ ဒေသခံတွေက နီးစပ်ရာဆေးခန်းပို့ပြီး ဆေးကုသမှုပေးနေစဥ် နိုဝင်ဘာလ ၅ ရက်နေ့မနက်ပိုင်းက သေဆုံးသွားတာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ သားအဖ နှစ်ဦးရဲ့ အလောင်းကိုတော့ ဒီကနေ့မှာ ဒေသခံတွေက မောက်ရွာဆီကို ပြန်ပို့ပေးလိုက်ကြပြီလို့ သိရပါတယ်။
သတင်း – မောင်မှိုင်း