မုံရွာ၊ အောက်တိုဘာ ၅၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာ-မန္တလေးလမ်းပေါ်မှာ ကားတွေကိုပိုက်ဆံကောက်နေတဲ့ စစ်ကော်မရှင်တပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်း Chindwin Attack Force ဆီက သိရပါတယ်။
အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီ ၃၅ မိနစ်မှာ မုံရွာမြို့အထွက်မှာ အင်အား ၁၀ ဦးနဲ့ ပိုက်ဆံကောက်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကူလာတဲ့တပ်တွေကိုလည်း ထပ်မံမိုင်းဆွဲခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့ ငွေကြေးကောက်ခံတဲ့အချိန်မှာ လုပ်ဖြစ်တာ၊ ပြည်သူတွေကို ကောက်တာ၊ ကားတွေကို ပိုပြီးတော့ ကောက်တယ်၊ ကျနော်တို့ မိုင်းဆွဲပြီးမှ တပ်ကူ ၃၀ ဦးထပ်ရောက်လာတယ်၊ ငွေကောက်နေတဲ့အချိန် မိုင်း ၁ လုံးဆွဲနိုင်ခဲ့တယ်၊ တပ်ကူလာတဲ့အချိန်မှာ မိုင်း ၁ လုံးထပ်ဆွဲတယ်၊ ပထမ အခါမိုင်းဆွဲတာမှာ ၃ ဦးထိတယ်၊ သေဆုံးတယ်လို့တော့ သတင်းရထားတယ်၊ တပ်ကူလာတဲ့အချိန် မိုင်းထပ်ဆွဲတာက ၅ ဦးထိခိုက်မှုရှိတယ်” လို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်း Chindwin Attack Force သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုပေတလူက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၄ တပ်ရင်း Chindwin Attack Force၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys နဲ့ မဟာမိတ်အဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာပါ။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၅ ရက် ဒီနေ့မနက်အထိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက မိုင်းဆွဲခံရတဲ့နေရာမှာပဲ သေနတ်ပစ်ဖောက်မှုတွေလုပ်နေတာကြောင့် လူသွားလူလာ နည်းနေတယ်လို့လည်း သိရပါတယ်။
မုံရွာ-မန္တလေးလမ်းမပေါ် မုံရွာမြို့နဲ့ ၁ မိုင်ဝန်းကျင်အတွင်း စစ်ကော်မရှင်တပ်ရဲ့ စစ်ဆေးရေးဂိတ် ၁၀ ခုကျော်ရှိပြီး အဆိုပါဂိတ်တွေကိုလည်း မကြာခဏသွားရောက်တိုက်ခိုက်လေ့ရှိတယ်လို့ သူကဆက် ပြောပါတယ်။
စက်တင်ဘာ ၁၆ ရက်ကလည်း မုံရွာမြို့၊ မုံရွာ-မန္တလေးလမ်းပေါ်မှာ ကုန်ကားတွေကို ပိုက်ဆံကောက်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို မုံရွာခရိုင် အမှတ် ၄ တပ်ရင်း Chindwin Attack Force က မိုင်းဆွဲတိုက်ခိုက်ရာ ၄ ဦး သေဆုံးခဲ့ပါသေးတယ်။
တည်းဖြတ် – HP