မိုးကုတ်၊ မတ်၂၆၊ ၂၀၂၆။
မန္တလေးတိုင်း၊ မိုးကုတ်နဲ့ ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်တွေကနေ တပ်အားလုံးဆုတ်ခွာလိုက်ပြီလို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။
မိုးကုတ်နဲ့မိုးမိတ်မြို့တွေကို ပြီးခဲ့တဲ့နိုဝင်ဘာလကုန်ပိုင်းမှာ စစ်ကော်မရှင်တပ်ထံပြန်ပေးလိုက်ရပေမယ့် မြို့နဲ့အနီးတဝိုက်နယ်မြေတွေမှာ တော်လှန်ရေးတပ်တွေက ဆက်လက်တပ်စွဲထားတာဖြစ်ပြီး အခု ၄ လ နီးပါးအကြာ မတ်လ ၂၂ ရက်ကစတင်ကာ အဲ့ဒီတပ်တွေအကုန်ဆုတ်ခွာပေးလိုက်ရတာလို့ ဆိုပါတယ်။
” ၄ လနီးပါးအကြာ တောင့်ခံပြီးကြိုးစားခဲ့ကြပေမယ့် ဒီအခြေအနေက ကြားထဲမှာပိတ်မိပြီး လက်နက်၊ ခဲယမ်းထောက်ပံ့မှုတွေက အဆင်မပြေသလို ထောက်ပို့လမ်းကြောင်းတချို့ပိတ်တာတွေကြောင့်မို့ ပြန်ဆုတ်ခွာလိုက်ရတာပါ”လို့ မိုးကုတ်ဒေသမှာတိုက်ပွဲဖော်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်ကို ထိုးစစ်ဆင်နေတဲ့စစ်ကော်မရှင်တပ်က တွင်းငယ်ရွာကနေတဆင့် မိုးကုတ်၊မိုးမိတ်မှာ ရှိနေတဲ့တပ်တွေနဲ့ ချိတ်ဆက်နိုင်ဖို့ ဆက်လက်စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးတပ်တွေ ပိတ်မိမှာစိုးရိမ်ရတဲ့အတွက် ပြန်လည်ဆုတ်ခွာနေကြတာလို့ သိရပါတယ်။
မိုးကုတ်နဲ့ မိုးမိတ်ကို စစ်တပ်ပြန်လည်ဝင်ရောက်တပ်စွဲခဲ့တဲ့ ၄ လတာအတွင်း မိုးကုတ်မြို့အနောက်ခြမ်းမှာ နေ့စဉ်နီးပါးတိုက်ပွဲတွေဖြစ်ခဲ့ပြီး တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်တပ်သုံ့ပန်းတချို့ ဖမ်းဆီးရမိတာတွေလည်းရှိတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။
လက်ရှိမှာ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းက သစ်ဆိမ့်ကုန်းရွာ အထိရောက်ရှိလာပြီး မိုးမိတ်ကဆင်းလာတဲ့ စစ်ကြောင်းဟာလည်း ဘော်ဒေရွာဘက်ကို ရောက်ရှိနေကာ စစ်ကြောင်း ၂ ခုချိတ်ဆက်ဖို့ ၁၅ ကီလိုမီတာခန့်သာ လိုတော့တယ်လို့ သိရပါတယ်။
ဒီစစ်ကြောင်းတွေကြောင့် မိုးကုတ်- မိုးမိတ်စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့က တပ်တွေဆုတ်ခွာဖို့ မတ်လတတိယအပတ်က အမိန့်ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးတပ်တွေ ဆုတ်ခွာနေတာလို့ သိရပါတယ်။
သတင်း – MG