ကြို့ပင်ကောက်၊ ဩဂုတ် ၁၀၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်ထဲက စစ်ရှောင်ပြည်သူ ၈ ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။
ကြို့ပင်ကောက်မြို့နယ်ထဲမှာ လှည့်ပတ်သွားလာနေတဲ့ စစ်ကောင်စီစစ်ကြောင်းရဲ့ရန်ကိုကြောက်လို့ လွတ်ကင်းတဲ့နေရာတွေမှာ ရှောင်တိမ်းနေကြတဲ့ ပြည်သူ ၈ ဦးကို သူတို့ခိုလှုံနေတဲ့ မြို့ကိုင်းဘုန်းကြီးကျောင်းရဲ့ စစ်ရှောင်စခန်းမှာ စစ်ကောင်စီ စစ်ကြောင်းက ဖမ်းဆီးသွားတာလို့ ဒေသခံတဦးဆီက သိရပါတယ်။
ကြို့ပင်ကောက်မြို့နယ် မြို့ကိုင်းရွာတောင်ကျောင်း ဘုန်းတော်ကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၆ ဦးတို့ကို ဩဂုတ် ၉ ရက် မနေ့ကမနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေဟာ မြို့ကိုင်းရွာက အသက် ၄၀ ဝန်းကျင် အမျိုးသမီး၂ ဦးနဲ့ အမျိုးသား၂ ဦး၊ အသက် ၁၈ နှစ်နဲ့ ၃၃ နှစ်ကြား အမျိုးသား လူငယ် ၄ ဦးတို့ဖြစ်တယ်လို့ ဆ်ိုပါတယ်။
“ရွာထဲကို စစ်ကြောင်းဝင်လာလို့ မိုင်ဝက်လောက်ဝေးတဲ့ ဘုန်းကြီးကျောင်းမှာ ရှောင်အိပ်နေတာ နောက်ထပ်ဝင်လာတဲ့ စစ်ကြောင်းနဲ့ တိုးပြီး ဖမ်းသွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူတွေကို ဆက်ခေါ်သွားလား ပြန်လွှတ် သလားဆိုတာကိုတော့ မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။
ကြို့ပင်ကောက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဟာ အလယ်ကုန်းရွာနယ်မြေရဲကင်းစခန်းမှာ အထိုင်ချထားပြီး ကံဦး၊ ရင်းတိုက်ကွင်း၊ လိပ်ဥကုန်းနဲ့ ကြာတန်းကြီးတို့မှာ တပ်ဖြန့်ထားပေမယ့် မြေပြင်လှုပ်ရှားတာမျိုးတော့ မတွေ့ရသေးသလို ဒီကနေ့မှာတော့ လေယာဥ်ပျံသန်းမှု သုံးကြိမ်ထက်မနည်းရှိပြီလို့ အဲဒီဒေသမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
အခုလ ဩဂုတ်လ ၅ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ် အင်တိုင်းကုန်းရွာကို မှော်ဘီလေတပ်ကနေ တက်လာတဲ့ လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေး ၂ ဦးအပါ အဝင် ပြည်သူ ၆ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်ကလည်း ကံဦးရွာက လူငယ် ၂ ဦး မြစ်ချိုးပြန်လာချိန် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သလို ဇူလိုင် ၃၀ ရက်ကလည်း ရုံးချောင်းအုပ်စုထဲက မသန်စွမ်းလင်မယားကိုလည်း ဖမ်းဆီးစစ်ဆေးရိုက်နှက်တာတွေ ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ကြို့ပင်ကောက်မြို့နယ်အတွင်း ဇူလိုင် ၈ ရက်ကနေ ၃၁ ရက်အတွင်းကလည်း စစ်ကြောင်းထိုးမီးရှို့တာနဲ့ လေကြောင်း တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့လို့ အမျိုးသမီး ၁ ဦးပါ ပြည်သူ ၃ ဦးသေဆုံးပြီး နေအိမ် ၆၀ ကျော်ပျက်စီးကာ ဖမ်းဆီးခံရသူနဲ့ ဒဏ်ရာရခဲ့သူတွေရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
သတင်း – သော်တာအောင်