ဝက်လက်၊ ဇူလိုင် ၂၃၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အနောက်ခြမ်းရှိ ဆန်စက်နဲ့ စက်သုံးဆီရောင်းသူတွေထံက တနှစ်စာ ကျပ်သိန်း ၆၀ ပေးဖို့ ရွှေဘိုခရိုင်တပ်ရင်း(၁)က အလှူငွေထည့်ဝင်ခိုင်းလို့ လုပ်ငန်းရှင်တွေ အခက်ကြုံနေရတယ်လို့ လုပ်ငန်းရှင်တွေထံက သိရပါတယ်။
လုပ်ငန်းရှင် ၃၀ ကျော်ထံက တလကို ၅ သိန်းကျပ်နှုန်းနဲ့ တနှစ်စာ ကျပ်သိန်း ၆၀ ပေးကြဖို့နဲ့ ငွေကိုလည်း ဇူလိုင်လအကုန်အပြီး နှစ်ရစ်ခွဲပေးဖို့ တပ်ရင်း(၁) တာဝန်ရှိသူတွေက လုပ်ငန်းရှင်တွေကို အစည်းအဝေး နှစ်ကြိမ်ခေါ်ယူပြီးတောင်းခံခဲ့တာလို့ ဆိုပါတယ်။
“ကျနော်တို့ဆို အရာရာတိုင်းကို ကူညီရတဲ့ ကဏ္ဍတွေရှိတယ်။ အချို့တပ်ရင်း၊ တပ်ဖွဲ့တွေဆိုလည်း လစဥ်ထောက်ပံရတာ ရှိတယ်။ ကျနော်တို့အနေနဲ့ဆို အခက်ခဲတွေ အများကြီး။ သဒ္ဓါသလောက်လှူပါဆို ရသေးတယ်။ အခုလိုကြေးနှုန်းကြီးထားပြီး သတ်မှတ်တာကျတော့ အဆင်မပြေဘူး။ လုပ်ငန်းလည်ပတ်ရတာတွေက အဆင်မပြေဘူး။ စစ်ကြောင်းကာလတွေဆို စကစကပဲ လုပ်လုပ်၊ တော်လှန်ရေးအဖွဲ့တွေကလုပ်လုပ် လုပ်ငန်းလည်ပတ်ရတာနှောက်နှေးတာ။ ထိခိုက်ပျက်စီးရတာတွေရှိနေတာ။ အရှင်းဆုံးပြောရရင် ကြည်ဖြူလို့ပေးရတာမျိုးပဲ ဖြစ်ချင်တယ်”လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။
ငွေကြေးအလှူခံချိန်မှာတော့ တပ်ရင်း(၁) ဘက်က ခြိမ်းခြောက်တောင်းခံတာမျိုး ငွေကြေးမပေးနိုင်ပါက အရေးယူဖမ်းဆီးမယ်ဆိုတာမျိုး ပြောဆိုတာမရှိပေမယ့်၊ ကြားကာလ အခြေနေတခုမှာ လက်နက်ကိုင်ထားသူတွေက တောင်းခံတာဖြစ်လို့ ကြောက်ရွံပြီး မဖြစ်မနေပေးဆောင်ရမယ့် အခြေနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။
တပ်ရင်း(၁) ဘက်က ငွေတောင်းခံထားလို့ လုပ်ငန်းရှင်အချို့ကတော့ နှစ်စဥ်ကြေးတဝက် ကျပ်သိန်း ၃၀ ပေးထားကြပြီး၊ တချို့ကတော့ မပေးရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“ခုကိစ္စကို NUG အစိုးရကမှ မဖြေရှင်းပေးဘူးဆိုရင် ငွေကိုပေးရတော့မှာ။ နောက်ဆို ဘယ်လိုသော တော်လှန်ရေးသမားတွေကိုမှ ကျနော်တို့က လှူနိုင်မှာတန်းနိုင်မှာ မဟုတ်တော့ဘူး။ လှူလည်း မလှူတော့ဘူးပေါ့။ စေတနာတွေလည်း ပျက်ကုန်ပြီးဆိုတဲ့ အသံတွေပြန်ကြားရတယ်။ ခုလိုပုံစံဆိုရင် တော်လှန်ရေးသမားတွေက ပြည်သူကြား မျက်နှာငယ်ရတယ်။ ပြည်သူထံက ခုလိုတောင်းခံတာ မနှစ်သက်ဘူး။ ပြည်သူတွေ ကြပ်တည်းနေတဲ့ကြားက ခွဲတမ်းချ ငွေတောင်းခံတာက မဖြစ်သင့်ဘူးပေါ့”လို့ ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
လုပ်ငန်းရှင်တွေထံက ငွေကြေးအလှူခံဖို့ တပ်ရင်း(၁)က ဒေါက်တာဝိုင်၊ ထောက်လှမ်းရေးတာဝန်ခံ ဗိုလ်ကျောက်၊ 2 IC ဗိုလ်တောက်၊ ဘဏ္ဍာရေးတာဝန်ရှိသူ ၂ ဦးတို့က ဇွန်လ ၂၅ ရက်နေ့က အစည်းအဝေးဖိတ်စာနဲ့ ဆင့်ခေါ်ရာမှာ မလာတဲ့ လုပ်ငန်းရှင်တွေကတော့ မိမိတို့တာဝန်သာဖြစ်တယ်လို့ ဖိတ်ကြားစာမှာ ပါဝင်တာကြောင့် လုပ်ငန်းရှင် ၃၀ ကျော် တက်ရောက်ခဲ့ပြီး အဲ့ဒီနေ့အစည်းအဝေးမှာတော့ လုပ်ငန်းရှင်တဦးကို လစဥ်ကြေးအဖြစ် တလကျပ်သိန်း ၂၀ ပေးကြဖို့ ပထမပိုင်းမှာ တောင်းခံခဲ့တယ်လို့ သိရပါတယ်။
လုပ်ငန်းရှင်တွေဘက်က တောင်းခံတဲ့ငွေကြေးဟာ များပြားတာကြောင့် လျော့ပေးဖို့တောင်းဆိုကြရာ ဇူလိုင်လ ၉ ရက်နေ့မှာ အစည်းဝေးထပ်မံခေါ်ယူပြီး တလ ၅ သိန်းနှုန်း တနှစ်စာ ကျပ်သိန်း ၆၀ ကို တလအတွင်းပေးသွင်းဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
“NUG အနေနဲ့ လက်အောက်ခံတပ်ရင်းတွေကို ပြည်သူတွေထံက ပိုက်ဆံတောင်းခွင့်ကို တရားဝင်ခွင့်ပြုထားသလား စိတ်ထင်ရာ လုပ်နေကြတဲ့အပေါ် တရားဝင်ခွင့်ပြုထားသလားဆိုတာကို သိချင်မိတယ်” လို့ လုပ်ငန်းရှင်တဦးက ဆိုပါတယ်။
မြေလတ်အသံက ရရှိထားတဲ့ အစည်းအဝေးအတွင်း ပြောဆိုချက်တွေအရ တပ်ရင်း (၁) တာဝန်ရှိသူတွေဘက်က နယ်မြေလုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် လုပ်ငန်းဆောင်ရွက်ရန် လိုအပ်ချက်အရ အလှူခံရတာမျိူးဖြစ်ပြီး၊ လုပ်ငန်းရှင်တဦးလျှင် တနှစ်စာ ကျပ်သိန်း ၆၀ ပေးဖို့ တောင်းဆိုထားတဲ့ အသံဖိုင်ရရှိထားပြီး အဆိုပါကိစ္စနဲ့ပတ်သက်လို့ တပ်ရင်း(၁)ရဲ့ တာဝန်ရှိသူတွေထံ မြေလတ်အသံက ဆက်သွယ်နေပေမယ့် ဖုန်းခေါ်မရ ဖြစ်နေပါတယ်။