မြေလတ်အသံ၊ ဩဂုတ် ၁၉၊ ၂၀၂၆။
ယူကရိန်းစစ်ပွဲ ကုန်ကျစရိတ်အတွက် ရုရှားအစိုးရက ဘဏ်တွေထဲက စုဆောင်းငွေတွေကို သိမ်းယူသုံးစွဲမှာကို စိုးရိမ်လို့ ရုရှားပြည်သူတွေဟာ ဘဏ်တွေထဲကနေ စံချိန်တင် ငွေသားတွေ ပြန်ထုတ်ယူ နေပါတယ်။
ရုရှားဗဟိုဘဏ်ရဲ့ အချက်အလက်တွေအရ ဩဂုတ်လ ပထမနှစ်ပတ်အတွင်း ထုတ်ယူတဲ့ ငွေသားပမာဏဟာ ရူဘယ် ၂၈၀ ဘီလီယံကျော် ရှိလာခဲ့ပြီး ရုရှားဘဏ်တွေကနေ ခုနှစ်လဆက်တိုက် ငွေထုတ်ယူမှု ပမာဏများလာတာ ဖြစ်ပါတယ်။
ရုရှားပြည်သူတွေ ဘဏ်အပ်ငွေ ထုတ်ယူကြတာဟာ ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေ၊ စီးပွားရေးကျဆင်းမှုနဲ့ အစိုးရက ဘဏ်အပ်ငွေတွေကို ထိန်းချုပ်မှာကို စိုးရိမ်တာတွေကြောင့်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
ယူကရိန်းဒရုန်းတွေဟာ မော်စကိုမြို့ရှိ ရေနံချက်စက်ရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာကြောင့် ရုရှားပြည်သူတွေဟာ ဘဏ်ထဲငွေမထားဘဲ အိမ်မှာပဲ ငွေသားသိမ်းထားချင်ကြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ရူဘယ် ဘီလီယံ ၆၂၀ ကျော် ထုတ်ယူခဲ့ကြတာမို့ ဒီနှစ်အတွင်း ဘဏ်တွေကနေ ထုတ်ယူတဲ့ ငွေကြေးပမာဏဟာ ရူဘယ် ၂ ဒသမ ၄ ထရီလီယံအထိ ရှိသွားပြီဖြစ်ပါတယ်။
ဒါဟာ ၂၀၂၂ ခုနှစ် စစ်ပွဲစတင်ခဲ့တဲ့နှစ်က ဘဏ်တွေထဲက ထုတ်ယူခဲ့တဲ့ ပမာဏထက် သာလွန်သွားခဲ့ပြီး ဘဏ်တွေမှာ ရူဘယ်ငွေကြေး ပြတ်လပ်မှု စံချိန်တင် ဖြစ်ပေါ်နေပါတယ်။
ရုရှားအစိုးရက ဘဏ်အပ်ငွေတွေကို ထိန်းချုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဘဏ္ဍာရေးဝန်ကြီးကတော့ ဒါဟာ သတင်းအမှားသာဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။
ရုရှားအစိုးရက လုံခြုံရေးအရ အင်တာနက်လိုင်းအချို့ကို ပိတ်ပင်ထားလို့ ပြည်သူတွေအနေနဲ့ ဘဏ်ကတ်တွေနဲ့ ငွေပေးချေရခက်ခဲလာပြီး ငွေသားကိုပဲ ပိုမို သုံးစွဲနေရပါတယ်။
အခွန်တိုးမြှင့်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ဘဏ္ဍာရေးစောင့်ကြည့်မှုတွေ တင်းကြပ်လာလို့ အွန် လိုင်းငွေပေးချေမှုမှာ ထိပ်တန်းရောက်ခဲ့တဲ့ ရုရှားပြည်သူတွေဟာ ငွေသားဘက်ကို ပြန်လှည့်လာကြတာပါ။
ကုမ္ပဏီတွေကလည်း အသိမ်းခံရမှာစိုးလို့ ဘဏ်ငွေတွေကို ပြည်ပကို ရွှေ့ပြောင်းနေကြသလို မကြာသေးမီက ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ရုရှားပြည်သူ ၆၀ ရာခိုင်နှုန်းက စီးပွားရေး အခြေအနေတွေ ပိုဆိုးလာတယ်လို့ ယူဆနေကြပါတယ်။
News & Photo: The Telegraph