ဇီးကုန်း၊ အောက်တိုဘာ ၁၆၊ ၂၀၂၆။
ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့မှာ စစ်တပ်ကဗိုလ်ကြီးတဦးရဲ့ဖခင်ကို တားဆီးရှာဖွေစစ်ဆေးရာ ဆေးဝါးပစ္စည်းတွေ တွေ့ရှိခဲ့လို့ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။
ဇီးကုန်းမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ကြားစုကျေးရွာက အသက် ၆၀ နှစ်ဝန်းကျင် ဦးစိုးသိန်းကို ဇီးကုန်းမြို့ အမှတ် (၁)ရပ်ကွက်၊ ဂုံးလမ်း မြို့ဦးဘုန်းတော်ကြီးကျောင်းအနီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်ပိုင်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
“ဦးစိုးသိန်းကို လမ်းမှာဖမ်းတော့ သူ့ဆီက ဂလူးကို့စ်ပုလင်းတွေနဲ့ အခြားဆေးဝါးပစ္စည်းတွေ သိမ်းရတယ်လို့ သတင်းကြားတယ်။ စပြီးဖမ်းသွားကတည်းက ပြည်ကမင်းကြီးတောင်ပေါ် စစ်ကြောရေးကို ခေါ်သွားတာ။ အရင်နေ့ (အောက်တိုဘာ ၁၃) ညနေကတော့ ဇီးကုန်းရဲစခန်းကို ပြန်ရောက်တယ်ကြားတယ်။ သူ့သားက စစ်တပ်က ဗိုလ်ကြီး ခြေလျင်တပ်ကဆိုတာတော့ တမြို့လုံးသိတယ် ဘယ်တပ်ကဆိုတာတော့ မသိဘူး” လို့ မြို့ခံတဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မြန်မာပြည်တွင်းမှာ ဒေါ်လာငွေသုံးစွဲမှု လျော့ချဖို့အတွက် နိုင်ငံတကာက ဆေးဝါးအပါအဝင် စာသောက်ကုန်နဲ့ အသုံးအဆောင် ပစ္စည်းတွေအပြင် ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်စည်တွေပါ ပြည်ပက တင်သွင်းခွင့်ပိတ်ထားတာကြောင့် ပြည်တွင်းမှာ ဆေးဝါး(အင်္ဂလိပ်ဆေး) ပြတ်လပ်မှုတွေကြုံတွေ့နေကြရပါတယ်။
ဇီးကုန်းရဲစခန်းကို ပြန်ရောက်ပေမယ့် ထမင်းပို့ခွင့်သာပေးပြီး မိသားစုနဲ့ တွေ့ခွင့်မရသေးဘူးသေးကြောင်းနဲ့ ဖမ်းဆီးခံရချိန်မှာ ကျန်းမာရေးလည်း ကောင်းမွန်နေတယ်လို့ သူကဆက်ပြောပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းမှာ အာဏာသိမ်းစစ်တပ်ဟာ အရပ်သားတွေအပေါ် အကြောင်းမျိုးစုံပြပြီး မကြာခဏဖမ်းဆီးနေပြီး၊ အောက်တိုဘာ ၁၂ ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်၊ ကိုင်းကြီးရွာမှာနေထိုင်ကာ၊ ရှားစီးဘိုကျေးရွာ စာသင်ကျောင်းမှာ လက်ထောက်မူလတန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသူ ဆရာမဒေါ်နှင်းဝတ်ရည်ကိုလည်း Mi Pauk Facebook အကောင့်နဲ့ လူမှုကွန်ရက်စာမျက်နှာက နေနိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားအောင်လုပ်တယ်ဆိုပြီး ဖမ်းဆီးထားကြောင်း သိရပါတယ်။
သတင်း – သော်တာအောင်