တောင်တွင်းကြီး၊ နိုဝင်ဘာ ၉၊ ၂၀၂၆။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ကြမ်းကြားကျေးရွာနဲ့ မီးရှောင်ကုန်းကျေးရွာတို့မှာ အုပ်ချုပ်ရေးမှူးနဲ့ စျေးသည်တဦး ပစ်သတ်ခံရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
နိုဝင်ဘာလ ၇ ရက်နေ့ မနက် ၇ နာရီခန့်က ကြမ်းကြားကျေးရွာနေ ဂုံညှင်းတန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသက် ၅၆ နှစ်အရွယ် ဦးကျော်ဌေးဟာ နေအိမ်မှာရှိနေချိန် သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်သွားတာ ဖြစ်ပါတယ်။
အလားတူ အဲ့ဒီနေ့မှာပဲ တောင်တွင်းကြီးမြို့၊ ရွှေအိုး ၁ ရပ်ကွက်နေ အသက် ၅၇ နှစ်အရွယ် ဦးကြည်ထွေးဟာ မီးရှောင်ကုန်းကျေးရွာဘက် စျေးရောင်းထွက်လာချိန် ကျေးရွာအနီးအရောက်မှာ သေနတ်သမားတွေရဲ့ ပစ်ခတ်တာကိုခံရတယ်လို့ ဆိုပါတယ်။
“တယောက်က အုပ်ကြီး။ တယောက်က တောင်တွင်းကြီးက စျေးသည် ။ အဲဒီဘက်ကို စျေးလာရောင်းတာ။ စျေးသည်သားက ရဲလို့ကြားတယ်။ အဲဒါကြောင့် ဒီဘက်သတင်းလာထောက်တယ်ဆိုပြီး ပစ်သတ်ခံရတာ။ ကျော်ဌေးက တော်တော်ဆိုးလို့ ပစ်သတ်ခံရတာလို့ သိရတယ်။ အုပ်ကြီးက အိမ်မှာ။ စျေးသည်ကတော့ လမ်းမှာတွေ့လို့ တခါတည်းရှင်းလိုက်တာလို့ သိရတယ်”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
အုပ်ချုပ်ရေးမှုး ဦးကျော်ဌေးဟာ စစ်မှုထမ်းကြေးကောက်တာ၊ ပေါ်တာဆွဲတာအပြင် စစ်တပ်က ခိုင်းသမျှ လုပ်နေသူဖြစ်ပြီး စျေးသည်က သတင်းလာထောက်တာ ဟုတ် မဟုတ် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
သေနတ်သမားတွေ ပစ်ခတ်တာကြောင့် အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ နေရာမှတင်သေဆုံးသွားသလို စျေးသည် ဦးကြည်ထွေးဟာလည်း ခန္ဓာကိုယ်ကျည်ထိဒဏ်ရာတွေနဲ့ သေဆုံးသွားတာ ဖြစ်ပါတယ်။
အဆိုပါ ပစ်ခတ်မှုကို ဘယ်အဖွဲ့တွေက ဘာကြောင့် ပြုလုပ်ခဲ့တယ်ဆိုတာ နိုဝင်ဘာလ ၉ ရက်နေ့အထိ သတင်းထုတ်ပြန်တာမျိူး မရှိသေးပါဘူး။
အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာအနီး ဆတ်သွား-လယ်ဝေးလမ်းပိုင်းမှာ ကင်းလှည့်ပြီး ပေါ်တာဆွဲနေတဲ့ ရဲအဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ဦးသေပြီး ၁ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။