မြိုင်၊ စက်တင်ဘာ ၁၈၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်နဲ့အနီးတဝိုက်ကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရေနံတူးဖော်နေတဲ့အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၇ ရက်မနက် ၁၁ နာရီခန့်မှာ ကျောက်ခွက်ရေနံမှော်နဲ့ အနီးတဝိုက်နေရာတွေကို ဗုံး ၃ လုံးကြဲချရာ ၁ လုံးက ရေနံတူးဖော်နေတဲ့နေရာကိုကျရောက်ပေါက်ကွဲပြီး အသက် ၃၈ အရွယ်အမျိုးသမီး ၁ ဦး သေဆုံးခဲ့တာပါ။
“ဘာမှတော့မရှိဘူး၊ နှစ်ရက်ဆက်တိုက် လာနေတာပဲ၊ အမြင့်ကြီးတွေကနေချတာ၊ (စက်) လှည့်နေတဲ့သူတွေတောင် စက်တွေပျက်ကုန်တယ်ပြောတယ်” လို့ ဒေသခံတဦးကဆိုပါတယ်။
ဒါ့အပြင် ဗုံးစထိမှန်တာကြောင့် သေဆုံးသူအမျိုးသမီးရဲ့ သမီးဖြစ်သူနဲ့ နောက်ထပ်အမျိုးသမီး ၁ ဦးအပါ ၃ ဦးမှာ ထိခိုက်ဒဏ်ရာရခဲ့ကာ သေဆုံးသူအမျိုးသမီးကို စက်တင်ဘာ ၁၈ ရက် ဒီကနေ့နေ့လယ်မှာ သင်္ဂြိုဟ်မယ်လို့သိရပါတယ်။
စက်တင်ဘာ ၁၆ ရက်က ပခုက္ကူတပ်မ ၁၀၁ က တက်လာတဲ့ပါရာမော်တာ ၂ စီးနဲ့ မြိုင်မြို့နယ်၊ ဆူးဝန်းကျေးရွာ အရှေ့မြောက်ဘက်ကို ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုမှာတော့ ထိခိုက်မှုတွေမရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် ဇူလိုင် ၁၅ ရက်ညနေ ၄ နာရီခန့်မှာ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်ရေနံမှော်တွေရှိတဲ့ နယ်သတ်ကျေးရွာကို စစ်ကောင်စီရဲ့ဂျက်ဖိုက်တာ ၁ စင်းပေါ်ကနေ ဗုံး ၁ လုံးကြဲချခဲ့ရာ အသက် ၄၀ အရွယ်အမျိုးသမီး ၁ ဦးသေဆုံးပြီး အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
၂၀၂၁၊ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅၊ စက်တင်ဘာ ၁၇ ရက်အထိ စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံတပ်ဖွဲ့ဝင်တွေကြောင့် သေဆုံးခဲ့တဲ့ပြည်သူစုစုပေါင်း ၇,၂၆၅ ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP ကထုတ်ပြန်ထားပါတယ်။
စာတည်း – လင်း