myaelatt athan

Sharing Information to the Local

UFC အဆင့်သတ်မှတ်ချက်ထဲက ဖိုက်တာကိုအနိုင်ထိုးပြီး TOP 10 ထဲက ဖိုက်တာတွေကို စိန်ခေါ်လိုက်တဲ့ ဗန် (အားကစားသတင်း)

0
0

မြေလတ်အသံ၊ ဒီဇင်ဘာ ၈၊ ၂၀၂၄။

ဒီဇင်ဘာ ၈ ရက် ဒီနေ့မနက်အစောပိုင်းမှာကျင်းပတဲ့ UFC 310 ပြိုင်ပွဲမှာ ဗန်ဟာ ပြိုင်ဘက်ဖြစ်သူ UFC Flyweight အဆင့် ၁၄ ရှိ ကိုဒီဒါဒန်ကို အသာစီးရယူထိုးသတ်ပြီး အမှတ်နဲ့အနိုင်ရသွားပါတယ်။

ဗန်ဟာ လူစားဝင်ကစားသမားအဖြစ် ခဏခဏဝင်ကစားရတာကြောင့် ပွဲကြိုတင်ပြင်ဆင်မှုအားနည်းတာကို ထောက်ပြခံရလေ့ရှိပေမယ့် ဒီနေ့ပွဲမှာ အချိန်ရရင်အိမ်စာကြေညက်ကြောင်း ကောင်းကောင်းပြသသွားနိုင်ပါတယ်။ 

ပထမအချီအစမှာ ကိုဒီဒါဒန်ဟာ သူ့ရဲ့အားသာချက်ဖြစ်တဲ့ ဘယ်ထောက် ညာဝိုက်လက်သီးချက်တွေနဲ့ စခဲ့ပြီး အမြင့်ကန်ချက်ကိုလည်း အသုံးချခဲ့ပါတယ်။ ဗန်ဟာ အရင်ပွဲတွေကထက်သတိပိုကပ်လာပြီး ဘယ်ထောက်လက်သီးတွေ ထိရောက်အောင်အသုံးချခဲ့ကာ လက်တံအားသာတဲ့ကိုဒီကတော့ ပွဲစပြီးခဏသာ ဆိုင်ထိုးခဲ့ကာ လူချင်းလုံးပြီးမြေပေါ်လှဲချဖို့ကြိုးစားခဲ့ပေမယ့် ဗန်ဟာ ကောင်းကောင်းတုံ့ပြန်သွားတာကိုတွေ့ရပါတယ်။ 

ဒုတိယအချီမှာတော့ ဗန်ရဲ့ထောက်လက်သီးတွေ၊ ပင့်လက်သီးတွေ ဆက်တိုက်ထိခဲ့တာကြောင့် ကိုဒီဟာ သူ့ရဲ့ကစားပုံကိုပြောင်းလဲကစားခဲ့ရကာ လူလည်းယိုင်နဲ့သွားတာကို တွေ့ရပါတယ်။ ကိုဒီဟာ သူအားသာတဲ့ ညာလက်သီးအသုံးပြုဖို့ကြိုးစားခဲ့ပေမယ့် အိမ်စာကြေတဲ့ဗန်တစ်ယောက် ကောင်းကောင်းကိုင်တွယ်သွားနိုင်ပါတယ်။ 

တတိယအချီအရောက်မှာ ကိုဒီဒါဒန်ဟာသတိထားထိုးသတ်ခဲ့ပြီး ဗန်ရဲ့တိုက်စစ်ကိုသာ ခုခံဖို့ကြိုးစားနေရကာ ဗန်ကတော့ အောက်ခြေကန်ချက်တွေ၊  သူ့ရဲ့လက်နက်ဖြစ်တဲ့ ဘယ်ညာလက်သီးတွဲလုံးတွေနဲ့ ကိုဒီကိုကောင်းကောင်းဖြိုပါတယ်။ ကိုဒီဟာ ဗန်ရဲ့ထိုးချက်တွေကြောင့် မြေပေါ်လှဲချအနားယူခဲ့တဲ့အထိ မောဟိုက်နေတာကိုတွေ့ရသလို သူ့ရဲ့အံကတ်ပါပြုတ်ကျခဲ့ပါတယ်။

တတိယအချီအပြီးမှာတော့ အသာစီးယူထိုးသတ်ခဲ့တဲ့ဗန်ဟာ အမှတ်နဲ့အနိုင်ရခဲ့ပြီး UFC ရဲ့ထိပ်တန်းသတ်မှတ်ချက်စာရင်းဝင် ဖိုက်တာတယောက်အဖြစ် သက်သေပြခဲ့သလို နောက်ပွဲမှာ Top 10 ကနေ Top 5 အတွင်း ဘယ်သူ့ကိုဖြစ်ဖြစ် ထိုးသတ်သွားမယ်လို့ စိန်ခေါ်သွားကာ မြန်မာအလံပုံပြုလုပ်ထားတဲ့ သူ့ရဲ့အံကတ်ကို ပြသသွားပြီး နောက်ပွဲတွေမှာ မြန်မာအလံယူဖို့ပါ တောင်းဆိုသွားခဲ့ပါတယ်။ 

Photo – ss from UFC Live.

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။