သွေးသစ်ဝင်းလှိုင်ပါဝင်ထိုးသတ်မယ့် ONE Friday Fights 80 (အားကစားသတင်း)

0 0
0 0

မြေလတ်အသံ၊ စက်တင်ဘာ ၂၀၊ ၂၀၂၄။

မြန်မာပြည်ရဲ့ထိပ်တန်းလက်ဝှေ့ကျော်တယောက်ဖြစ်တဲ့ သွေးသစ်ဝင်းလှိုင်ဟာ စက်တင်ဘာ ၂၀ ရက် ယနေ့ညနေပိုင်းမှာကျင်းပမယ့် One Friday Fights 80 မှာ ပါဝင်သွားမှာဖြစ်ပြီး ပြိုင်ဘက် ဥဇဘက်ကစ္စတန်ကစားသမား မာလွန်ခါခိုရော့ဗ်နဲ့ မွေထိုင်း(ဖယ်သာဝိတ်တန်း)မှာ ယှဉ်ပြိုင်ထိုးသတ်သွားမှာပါ။

ဒီပွဲဟာ အသက် ၂၉ နှစ်အရွယ် သွေးသစ်ဝင်းလှိုင်အတွက် One ကကျင်းပတဲ့ပြိုင်ပွဲတွေမှာ ဒုတိယမြောက်ဝင်ရောက်ထိုးသတ်တဲ့ပွဲဖြစ်ပြီး ပထမပွဲမှာတော့ ထိုင်းကစားသမားခွန်ဆတ်နဲ့ထိုးသတ်ခဲ့ကာ ပွဲစဉ်တလျှောက်လုံး ခွန်ဆတ်ရဲ့ကန်ချက်တွေကြောင့် ရုန်းကန်ခဲ့ရသလို ပွဲအပြီးမှာအမှတ်နဲ့အရှုံးပေးခဲ့ရပါတယ်။ ပြိုင်ဘက် ခါခိုရော့ဗ်အနေနဲ့လည်း ဒီပွဲဟာ သူ့အတွက် One ကကျင်းပတဲ့ပြိုင်ပွဲတွေမှာ ဒုတိယမြောက်ပွဲအဖြစ်ထိုးသတ်ရတာဖြစ်ပြီး ပထမပွဲမှာတော့ ပြိုင်ဘက်ကစားသမားနုတ်ထွက်သွားတာကြောင့် ပွဲမကစားရသေးပါဘူး။ 

ခါခိုရော့ဗ်ဟာ ဘယ်သန်ကစားသမားတဦးဖြစ်ပြီး အသက် ၃၇ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် သက်လုံပိုင်းကောင်းမွန်ကာ ဘယ်ခြေကန်ချက်ကိုအားပြုကစားတာတွေ့ရသလို ကန်ချက်ဟာလည်း ပြင်းထန်ပါတယ်။ သူအနိုင်ရရှိတဲ့ပြိုင်ပွဲတွေကိုကြည့်မယ်ဆိုရင် ဘယ်ခြေအနိမ့်ကန်ချက်နဲ့ ဘော်ဒီကန်ချက်တွေကိုအဓိကအသုံးပြုကစားသွားပြီး လက်သီးထိုးချက်ထိရောက်မှုအားနည်းပေမယ့် အရပ်နဲ့လက်တံသွေးသစ်ထက်ရှည်နေတာတွေ၊ အနီးကပ်ပူးသတ်ချိန် ထွက်လာတတ်တဲ့ ဒူးတိုက်ချက်တွေဟာ သူ့အတွက်အားသာချက်တခုလိုဖြစ်နေပါတယ်။ 

သွေးသစ်ဝင်းလှိုင်ကတော့ ကစားသမားဘဝ One ကန့်လန့်ကာအဖွင့်မှာ ရှုံးပွဲနဲ့ရင်ဆိုင်ထားခဲ့ရတာကြောင့် ဒီပွဲမှာသိက္ခာဆည်ဖို့နဲ့ One မှာနောက်ထပ်ပြိုင်ပွဲတွေထပ်မံရရှိနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားလာမှာ သေချာပါတယ်။ သွေးသစ်ဟာလည်း ဘယ်သန်ကစားသမားတဦးဖြစ်ပြီး ခါခိုရော့ဗ်ထက် အရပ်နဲ့လက်တံထိရောက်မှုနိမ့်ပေမယ့် မြန်မာ့လက်ဝှေ့ကစားသမားပီပီ မာဂုဏ်မြင့်မားကာ လက်သီးတွဲလုံးတွေကောင်းမွန်ပါတယ်။ သူဟာ သူ့ထက်အရပ်အမောင်းမြင့်မားတဲ့ကစားသမာတွေကိုပါ အမြင့်ကန်ချက်တွေအသုံးပြုထိုးသတ်တတ်ပြီး ဘယ်ညာထောက်လက်သီးနဲ့ အနိမ့်ကန်ချက်တွေဟာလည်း ထိရောက်တာကိုတွေ့ရပါတယ်။ 

ဒီပွဲဟာ သွေးသစ်ဝင်းလှိုင်အတွက် ပွဲကျပ်တပွဲကိုရင်ဆိုင်ရတာဖြစ်ပြီး အနိုင်ရရှိဖို့ နှစ်ဦးစလုံးအတွက်အရေးပါနေတာကြောင့် ပွဲကောင်းတပွဲဖြစ်မှာတော့သေချာနေပါတယ်။ 

သွေးသစ်ဝင်းလှိုင်နဲ့ ခါခိုရော့ဗ်တို့တွဲဆိုင်းပါဝင်တဲ့ ONE Friday Fights 80 ပွဲစဉ်တွေကို One Championship ရဲ့ Facebook Page နဲ့ Youtube Channel တို့မှာ မြန်မာစံတော်ချိန် ည ၇ နာရီမှာ တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ 

Photo – One Lumpinee FC.

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။