myaelatt athan

Sharing Information to the Local

လူထုအကြိုက်နှင့်လူထုအကျိုး (အယ်ဒီတာ့ အာဘော်)

0 4
0 4

မြေလတ်အသံ၊ ဇန်နဝါရီ ၁၊ ၂၀၂၃။

နှစ်သစ်တခုသည်ပြက္ခဒိန်တခုပြောင်းလဲသွားခြင်းမှလွဲ၍ မြန်မာနိုင်ငံသူနိုင်ငံသားများအဖို့ မထူးခြားမပျော်ရွှင်ရသော နှစ်များသာဖြစ်နေသည်။ စစ်အာဏာရှင်လက်အောက်မှ မလွတ်မြောက်သေးသ၍ မြန်မာလူထုအဖို့ ပျော်ကြလိမ့်မည်မထင်ပါ။ သို့သော်နှစ်သစ်တွင်အင်သစ်အားသစ်ခွန်အားသစ်တို့ဖြင့် အာဏာရှင်ချုပ်ငြိမ်းရေး ဝိုင်းဝန်းလုပ်ဆောင်ကြရအုံးမည်ဖြစ်သည်။

ထိုအရာသည် အများကောင်းကျိုးအတွက်ဖြစ်ပြီး လူအနည်းစုကတော့ ကြိုက်ချင်မှကြိုက်မည်။ အပြောင်းအလဲတခု တော်လှန်ရေးတခုကိုလုပ်ဆောင်ရာတွင် ဖိနှိပ်သူလူတန်းစားနှင့် အာဏာရှင်တို့က ဘယ်တော့မှကြိုက်ကြမည်မဟုတ်ပါ။ သို့သော်အများအကျိုးရှိသည်ဆိုလျှင် လုပ်ဆောင်ကြရမည်သာဖြစ်သည်။

လူတိုင်းသည် မိမိအကြိုက်ကိုသာလုပ်ဆောင်တတ်ကြပြီး မကြိုက်မနှစ်သက်သည့်အရာကို မလုပ်ဆောင်တတ်ကြပေ။ အကြိုက်ဆိုရာတွင် ကောင်းတာရှိသလို မကောင်းတာကိုလည်း ကြိုက်နှစ်သက်နေတတ်ပြန်ပါသည်။ အကျိုးဆိုသည်မှာတော့ ထိုသို့မဟုတ်။ ဆရာဝန်တယောက်အဖို့ လူနာတဦးရဲ့ အကြိုက်ဆိုတာထက် လူနာ၏အကျိုးရှိရာရှိကြောင်းကိုသာ ပြောဆိုလုပ်ကိုင် ဆေးပေးရသလိုပင်ဖြစ်သည်။ ဆေးခါးကြီးလည်းဖြစ်ကောင်းဖြစ်မည်။ သို့သော် အကျိုးရှိရာရှိကြောင်းဖြစ်ပါက တိုက်ကျွေးရမည်သာ။

အစိုးရတရပ်၊ ပါတီတခု၊ အဖွဲ့အစည်းတခုအနေဖြင့် လူထုအကြိုက်ကိုပြောဆို မဲဆွယ်လုပ်ကိုင်တတ်ကြသည့် သဘောရှိတတ်သည်။ ယနေ့အထိလည်း ထိုသဘောကို လုပ်ဆောင်နေကြသည်။ ထို့နည်းတူစွာပင် အစိုးရတရပ်၏သတင်းစာ၊ ပြန်ကြားရေး၊ ပါတီတခု၏ပြန်ကြာရေးတို့မှာများသောအားဖြင့် အကြိုက်ကိုသာလုပ်ဆောင်ရေးသား ပုံဖော်တတ်သည်။

ထို့ကြောင့်ပင် တခါတရံတွင် လူထုကိုမျှော်လင့်ချက်အမှားများ ပေးမိတတ်သည်။ ထိုအရာကို သတင်းမီဒီယာသမားများက ပြင်ဆင်တည့်မတ်ပေးရသည်။ အစိုးရတရပ်ကို ထိန်းကျောင်းပေးရပြီး လူထုကိုလည်း လမ်းမှားမရောက်အောင် လမ်းညွှန်ပြသပေးရန်လိုသည်။ လွတ်လပ်သော သတင်းမီဒီယာများအဖို့ ဝါဒဖြန့်စာစဉ်၊ ပြန်ကြားရေးတို့၏သဘောနှင့်ဆန့်ကျင်နေပြီး ထိုထက်အဆင့်ပေါင်းများစွာမြင့်သော သတင်းမီဒီယာ၏အခန်းကဏ္ဍကိုဖော်ဆောင် ရမည်ဖြစ်သည်။ လူထုအကြိုက်ကိုလိုက်ရသည်မဟုတ်ဘဲ။ လူထုအကျိုးရှိရာရှိကြောင်းကိုသာ ဖော်ထုတ်ရေးသားတင်ဆက်ရသည်။

ထိုသဘောကို လူထုသတင်းစာနှင့်ဂျာနယ်ကျော် တို့တွင်တွေ့ရမည်ဖြစ်ပြီး လူထုအကျိုးရှိရာရှိကြောင်းကို ရေးသားသည့်အတွက် အမုန်းခံရသည်များ တိုက်ခိုက်ခံရသည်များနှင့် ပိတ်ပင်ခံရမှုများရှိခဲ့သော်လည်း လူထုအကျိုးကိုသာ မျှော်ရည်လုပ်ဆောင်ခဲ့သည့်အတွက် ယနေ့အချိန်ထိ သတင်းစာသမိုင်းတွင် မှတ်ကျောက်တင်နိုင်နေခြင်းဖြစ်သည်။

သတင်းမီဒီယာ၏မူလအလုပ်မှာ မတရားမှုတို့ကိုဖော်ထုတ်တိုက်ဖျက်ရခြင်းဖြစ်ပြီး လူတစုကောင်းကျိုးအတွက် လူအများကိုအမှောင်ချထားခြင်း၊ ဖုံးကွယ်ထားခြင်းများကို ဖော်ထုတ်ရေးသား တင်ဆက်ရခြင်းဖြစ်သည်။ စစ်အာဏာသိမ်းမှုသည် မတရားမှုဖြစ်သည်ဆိုတာပေါ်လွင်နေပေသည်။ ထိုအရာကိုစိုက်လိုက်မတ်တပ်ရေးသားဖော်ထုတ်ရန် လိုပေသည်။

သို့သော်လည်း အခါခပ်သိမ်းလူထုအကြိုက်နှင့် အစိုးရတရပ်၊ ပါတီတရပ်၊ အဖွဲ့အစည်းတခုအကြိုက်လိုက်ရေးသားခြင်းကို ရှောင်ကျဉ်ကာ မျှော်လင့်ချက်အမှားများပေးခြင်းနှင့် ဖုံးကွယ်ရေးသားခြင်းများသည် နောက်လူထုရေရှည်အကျိုးထိခိုက်လာမည်ဖြစ်သည်။ ထိုအရာသည် ခဏပန်းတွင်ကောင်းသယောင်အဆင်ပြေနေသယောင်ထင်ရသော်လည်း ခေတ်တခု သမိုင်းတခု အချိန်တခုပြောင်းလဲသွားသောအခါ ထင်ထင်ရှားရှားပေါ်လွင်လာမည်ဖြစ်သည်။

မြေလတ်အသံသတင်းဌာနအနေဖြင့်လည်း လူထုအကြိုက်ဆိုခြင်းထက် လူထုအကျိုးရှိရာရှိကြောင်းကိုသာ စိုက်လိုက်မတ်တပ်ဆက်လက်ဖော်ထုတ် သတင်းရေးသားတင်ဆက်ခြင်းဖြင့်သာ ရပ်တည်နေမည်ဖြစ်ပါကြောင်း နှစ်သစ်ဆုမွန်ကတိစကားပါးရင်း အမျိုးမျိုးသောအာဏာရှင်များလက်မှ အမြန်ဆုံးလွတ်မြောက်နိုင်မည်ဟု ယုံကြည်ပါသည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။