မြေလတ်အသံ၊ ဇူလိုင် ၁၃၊ ၂၀၂၅။
နေပြည်တော်၊ ဇေယျာသီိရိမြို့နယ်အခြေစိုက် အမှတ် ၂ အဆင့်မြင့်ဆက်သွယ်မှုတပ်ရင်း (အဆရ ၂) က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ ဝက်လက်မြို့နယ်ပကဖထံက သိရပါတယ်။
ခိုလှုံလာသူမှာ အဆရ ၂ မှ အသက် ၂၄ နှစ်အရွယ် တပ်သား မိုးကောင်း ဖြစ်ပြီး သူဟာ ဇွန် ၃၀ ရက်မှာ ဝက်လက်ပကဖထံချိတ်ဆက်ကာ နေပြည်တော်တပ်ကနေ စွန့်ခွာထွက်ပြေးလာခဲ့ပြီးနောက် ဇူလိုင် ၁ ရက်မှာ ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။
” သူ့မိသားစုတွေက ဝက်လက်မြို့နယ်မှာ နေထိုင်ပါတယ်။ သူ့မိသားစုကနေတဆင့် ကျနော်တို့ ဝက်လက်မြို့နယ်ပကဖကို ချိတ်ဆက်ပြီးတော့ သူအလင်းဝင်မယ်ဆိုတဲ့အကြောင်းကို ချိတ်ဆက်ပြီးတော့ လုပ်ဆောင်တာပါ” လို့ ဝက်လက်မြို့နယ်ပကဖသတင်းတာဝန်ခံ အလင်းရောင်က မြေလတ်အသံကို ပြောပါတယ်။
တပ်သား မိုးကောင်း ဟာ ဝက်လက်မြို့နယ်ဇာတိဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉ မှာ ဝက်လက်ကနေ လားရှိုးမြို့ကိုသွားရောက် အလုပ်လုပ်ကိုင်နေချိန် သူနေထိုင်တဲ့ မန်ဆူဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ ခေါ်ဆောင်သွားမှုခံရပြီးနောက် စစ်ကောင်စီတပ်အတွင်းရောက်ရှိသွားခဲ့ကာ ၂၀၂၀ မှာ သပိတ်ကျင်းစု ဆောင်းရေးတပ်ကတဆင့် စစ်သင်တန်းကျောင်းကို ပို့ဆောင်ခံခဲ့ရတာဖြစ်တယ်လို့ ၎င်းရဲ့ပြောဆိုမှုတွေကိုကိုးကားပြီး အထက်ပါသတင်းတာဝန်ခံက ပြောပါတယ်။
လက်ရှိမှာ တပ်သား မိုးကောင်းကို စစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေပြီး မိသားစုနဲ့အတူ လူအခွင့်အရေးနဲ့အညီ ဘေးကင်းလုံခြုံစွာထားရှိထားတယ်လို့ ကိုအလင်းရောင်က ဆိုပါတယ်။
၂၀၂၄ ဒီဇင်ဘာ ၁၂ ရက်ကလည်း ကချင်ပြည်နယ်၊ ကာမိုင်းမြို့မှာ တိုက်ခိုက်ရေးဝင်ရောက်နေတဲ့ စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ လက်အောက် နည်းဗျူဟာ ၃၃၂ က ရဲမာန်အောင်စစ်ဆင်ရေးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၃၀ အရွယ် စစ်ကောင်စီတပ်သားတဦး ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ