မြင်းမူ၊ ဇူလိုင် ၁၂၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နဲ့ ချောင်းဦးမြို့နယ်မှာ ၂ ရက်အတွင်း စစ်ကောင်စီတပ်တွေတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇူလိုင် ၁၁ ရက် မနေ့ နေ့လယ် ၁၀ နာရီဝန်းကျင်မှာ တိုက်ခိုက်ခဲ့တယ်လို့ မြောက်မြို့နယ် TGR ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်တိုက်ဂါးက ပြောပါတယ်။
“အလ္လကပ္ပရွာအလယ်က ဈေးကွင်းက ကိုးဆူဘုရားအနားမှာ ဂိတ်ချပြီးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေကို အီနာဂါ၊ ဂန်းငယ်တွေနဲ့ သွားပြီးပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ ပိုက်ဆံထွက်တောင်းတဲ့ ** ၃ ကောင်ကတော့ နေရာတင်တုံးကနဲ လဲသွားတာ၊ သေသွားသလားတော့ ကျနော်တို့အတည်ပြုလို့ မရဘူး” လို့ ဗိုလ်တိုက်ဂါးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာသွားတဲ့နောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားတွေနဲ့လိုက်လာခဲ့ကာ အဲ့ဒီကားတွေကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“ကျနော်တို့က ကြိုတင်ပြင်ဆင်ထားတဲ့ မိုင်းတွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေပေါင်းပြီး တိုက်ခိုက်ခဲ့တယ်၊ သူတို့ စစ်ကား ၅ စီးလာတယ်၊ ၁ စီးက ရွာထဲချပြီးတော့ ခြေလျင်လျှောက်လာတယ်၊ ကျန်တဲ့ ၄ စီးက အလ္လကပ္ပတောင်ဘက်အထွက် တာဘောင်ဘက် ရဲဘော်တွေနောက်ကို လိုက်လာတယ်၊ ကျနော်တို့ ပစ်မှတ်ထားတဲ့ တားဂတ်ရောက်တဲ့အချိန် ကားကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်၊ ** ၁၅ ကောင်ကတော့ နေရာမှာတင်ပွဲချင်းပြီးသေတယ်” လို့ ဗိုလ်တိုက်ဂါးက ပြောပါတယ်။
တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးပြီး သေဆုံးဒဏ်ရာရသူတွေကိုလည်း ကားနဲ့မြင်းမူဆေးရုံကိုသယ်သွားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၂၊Black Eagle Defence Force (MMU)၊ အလ္လလကပ္ပတိုက်နယ် ပကဖ၊ မြင်းမူမြို့နယ် ပလဖ၊ ရေနဂါး ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တို့က ပူးပေါင်း ပြုလုပ်ခဲ့တာလို့ သိရပါတယ်။
အလားတူ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကင်ပွန်းတော်ရွာကို ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကောင်စီသံပြားကာကား ၅ စီးကိုလည်း မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ဇူလိုင် ၁၀ ရက်ည ၇ နာရီလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ မုံရွာခရိုင်တပ်ရင်း အမှတ် ၂၃ တပ်ခွဲ ၂ ဆီက သိရပါတယ်။
“ဟိုဘက်မှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ခေါ်ပြီးတော့ မုံရွာမြို့ကို ပြန်လာတာလို့ကြားတယ်၊ ချောင်းဦးဘက်ကနေ ပြန်လာတာ၊ ပျူစောထီးရွာတွေကနေ ဒဏ်ရာရသူတွေကို သယ်လာတာ၊ ကားတွေက မြောက်ကိုမောင်းသွားတဲ့အချိန်မှာ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တက်ပြီးတော့ လိုက်လံ ပစ်ခတ်ခဲ့သေးပါတယ်၊”လို့ မုံရွာခရိုင် တပ်ရင်းအမှတ် ၂၃၊ တပ်ခွဲ ၂ တာဝန်ခံက ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီကားတွေက ည ၉ နာရီမှာ မုံရွာမြို့ထဲကို ပြန်ဝင်သွားတယ်လို့သိရပြီး သေဆုံးထိခိုက်မှုကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကို GOLDEN PEOCOCK ATTACK FORCE၊ မုံရွာခရိုင်တပ်ရင်း အမှတ် ၂၃ တပ်ခွဲ ၂၊ မုံရွာခရိုင်အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ၃၊ TIGER FIGHTER M_21.2၊ AERA(71)LOCAL PEOPLE DEFENCE FORCE တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စာတည်း – လင်း