myaelatt athan

Sharing Information to the Local

မင်းကွန်းရွာကို မီးရှို့တဲ့စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ၄ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိကာ လက်နက်တချို့သိမ်းယူနိုင်

မြေလတ်အသံ၊ ဇူလိုင် ၁၊ ၂၀၂၅။

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ဇွန် ၃၀ ရက်‌နေ့မှာ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မင်းကွန်းတောင်ရွာရှိ နဂါးပတ်တောင်ကျောင်းတိုက်အတွင်း အင်အား ၃၀ခန့်နဲ့ တပ်စွဲထားတဲ့ စခန်းကုန်းကို ဇွန် ၂၇ ရက်နေ့မှာ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နာရီဝက်အတွင်း သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

“၂၇ ရက်နေ့မှာပါ။ နာရီပိုင်းနဲ့သိမ်းလာနိူင်ပါတယ်။ အလောင်း ၄ လောင်းတွေ့ခဲ့တယ်။ စခန်းကဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာဖြစ်လို့ မီးမရှို့ခဲ့ပါ။ ကျန်တဲ့စကစတွေကတော့ မင်းကွန်းထဲကို ထွက်ပြေးကြတယ်ထင်တယ်ဗျ”လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူကပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အသက် ၂၀ အရွယ် ၃ ဦးနဲ့ အသက် ၄၀ ကျော်အရွယ် ၁ ဦးတို့ကို ဖမ်းမိပြီး G-3 ၄ လက်၊ MA-1 ၂ လက်အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတချို့တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ No More Dictatorship People Defence Force-NMDမှတာဝန်ရှိသူက ပြောပါတယ်။

လက်ရှိတိုက်ခိုက်သိမ်းပိုက်ခံရတဲ့ စစ်ကောင်စီစခန်းဟာ မင်းကွန်းတိုက်နယ်ရဲစခန်းနဲ့ ၁ မိုင်ကျော်ခန့်ကွာဝေးသလို စစ်ကောင်စီတပ်က မင်းကွန်းတိုက်နယ်တခုလုံးမှာ အင်အား ၃၀၀ ခန့်နဲ့တပ်ဖြန့်ထားတဲ့ကြားက အခုလိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ နဲ့ No More Dictatorship (NMD) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစစ်တပ်ဟာ ဇွန် ၂၇ ရက်နေ့၊ မနက်ပိုင်းမှာပဲ မင်းကွန်းကျေးရွာကိုမီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။

အိမ်ခြေ ၆၀၀ ခန့်ရှိတဲ့ မင်းကွန်းတောင်ရွာကို စစ်ကောင်စီတပ်က ဇွန် ၈ ရက်နေ့ကစတင်ကာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပါတယ်။
ဒီစစ်ကြောင်းဟာ မင်းကွန်းရွာရဲ့ မြောက်ဘက်ကတော်လှန်ရေးတပ် တပ်တွေစိုးမိုးထားတဲ့ ကင်းရွာနဲ့ ချောင်းမကြီးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ကျောင်းထိုင်ဆရာတော် ၁ ပါးနဲ့ ပြည်သူ ၃ ဦး ကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ကင်းရွာနဲ့ ချောင်းမကြီးရွာတို့ကို မီးရှို့ကာ စစ်ကြောင်းနှစ် ကြောင်းခွဲပြီး တပ်စွဲခဲ့တယ်လို့ သိရပါတယ်။

ဇွန် ၂၈ ရက်နေ့မှာလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက ချောင်းမကြီးရွာကို တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာမို့ စစ်ကောင်စီတပ်အကျဆုံးများခဲ့ပြီး မင်းကွန်းရွာထဲကို ပြန်ဆုတ်သွားကာ ဒီ‌နေ့အထိစစ်တပ်က မင်းကွန်းရွာထဲမှာ တပ်စွဲထားဆဲဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – မြတ်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။