စစ်ကိုင်းမှာ ညမထွက်ရ အမိန့်ကြောင့် ဒေသခံတွေ အခက်အခဲဖြစ်နေ

0 2
0 2

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၃။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နောက်ပိုင်းကစပြီး ညနေ ၆ နာရီကနေ နောက်တနေ့မနက် ၆ နာရီအထိ အပြင်မထွက်ရ အမိန့်ထုတ်ပြန်လိုက်တာကြောင့် ဒေသခံတွေ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲက အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လယ်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေးအပြင် အခုလိုညမထွက်ရအမိန့်ပါ ထပ်တိုးထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

“စစ်အုပ်ချုပ်ရေး ကြေညာချက်နဲ့အတူ ခု ညမထွက်ရဆိုပြီး တင်းကျပ်မှုတွေ လုပ်လာတာပါ။ ဒေသခံတွေမှာ တနေ့တနေ့ထိတွေ့တိုက်ပွဲတွေ မီးလောင် ဆုံးရှုံးတာတွေအပြင် ခုဆို ညရေးညတာတောင် သွားမရထွက်မရဖြစ်နေပြီ။ သူတို့က စစ်ကိုင်းကို ရည်ရွယ်ချက်ရှိရှိ တင်းကျပ်မှုတွေလုပ်နေတာ” လို့ ခင်ဦး PDF တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နဲ့ ကယားပြည်နယ်ထဲက မြို့နယ် ၃၇ မြို့နယ်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်ကစပြီး စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာလိုက်တာပါ။

“ကျနော်တို့ဆီမှာတော့ နေ့တိုင်းနီးပါး ထိတွေ့တိုက်ပွဲ ဖြစ်နေတုန်းပဲ။ အရေးအကြောင်းဆို ညအချိန်တွေလည်း ထပြေးနေရတုန်းပဲ။ ခုက စစ်အုပ်ချုပ်ရေးတွေ ညမထွက်ရတွေ လုပ်ထားတော့ ဘာတွေဆက်ဖြစ်မလဲကို မသိတော့ဘူး။ စစ်*တွေကြောင့် ဒေသခံတွေပဲ အမြဲအခက်အခဲ ဖြစ်နေရတာ” လို့ စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတဦးက ဆိုပါတယ်။

အလားတူ စစ်ကိုင်းတိုင်း အပါအဝင် မကွေးတိုင်း၊ ချင်းပြည်နယ်တို့က မြို့နယ် ပေါင်း ၂၀ ကျော်မှာလည်း ဖေဖော်ဝါရီလ ၄ ရက် နောက်ပိုင်းကစပြီး စစ်ကောင်စီက ညနေ ၆ နာရီကနေ နောက်တနေ့ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။