myaelatt athan

Sharing Information to the Local

စစ်ရေးတင်းမာနေတဲ့ ပုလဲက စစ်ဘေးရှောင်တွေကို ဗလကသ စားနပ်ရိက္ခာထောက်ပံ့

ပုလဲ၊ ဇွန် ၂၄၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်၊ ဇီးဖြူကုန်းနဲ့ အင်မထီးရွာတွေမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ရှောင်တိမ်းနေကြရတဲ့ စစ်ဘေးရှောင်တွေကို ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ) က စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ဇွန် ၂၂ ရက်မှာ စစ်ရှောင်အိမ်ထောင်စု ၅၀ စာအတွက် အခြေခံစားကုန် ၄ မျိုး ဆန်၊ ဆီ၊ ဆားနဲ့ ပဲ ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး မိုးရာသီဖြစ်တာကြောင့် ဆေးဝါး၊ မိုးကာနဲ့ အခြေခံစားကုန်အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“ လက်ရှိပုလဲဘက်မှာက စစ်ရေးအခြေအနေက မတည်ငြိမ်သေးပါဘူး။ စစ်ကောင်စီအနေနဲ့လေကြောင်းကနေလည်း လာရောက်တိုက်ခိုက်မှုတွေရှိနေပါသေးတယ်။ စစ်ရှောင်တွေက အကုန်ပြန့်ကြဲနေတော့ ကူညီရေးအနေနဲ့သွားရောက်ရတဲ့အခါတွေမှာ ခက်ခဲမှုတွေရှိပါတယ်။ အဓိကနယ်မြေအခြေအနေအရ မတည်ငြိမ်သေးတော့ အခြေခံစားသောက်ကုန်တွေ အကူအညီလိုအပ်ပါတယ်” လို့ ဗလကသ ရဲ့ ပြောရေးဆိုခွင့်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံတွေက စစ်ပွဲနဲ့ဝေးတဲ့နေရာတွေကို ရှောင်တိမ်းနေကြရတာဖြစ်ပြီး လက်ရှိမှာ ပုလဲနယ်ထဲ တိုက်ပွဲတချို့ဆက်ဖြစ်နေတာကြောင့် စစ်ရှောင်တွေနေရပ်မပြန်နိုင်သေးဘူးလို့ ဆိုပါတယ်။

“ အစကတော့ လူပေါင်း တသောင်းကျော်လောက် စစ်ရှောင်နေကြရပါတယ်၊ ခု ကန့်ဒေါင့်တိုက်ပွဲပြီးသွားတော့ တချို့ဝေးတဲ့ရွာတွေကတော့ ပြန်လည်ဝင်ရောက်နေထိုင်ကြတာရှိပါတယ်။ ခုတော့ ရွာပေါင်း ၁၀ ရွာကျော်လောက် ဆက်ရှောင်နေကြရသေးတယ်ဗျ။ ခုက မိုးရာသီဖြစ်တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ မိုးကာတွေလည်းလိုအပ်မယ်ဗျ။ တချို့ဆို သစ်ပင်အောက်မှာ၊ ယာတဲလေးတွေထဲမှာ ဖြစ်သလို ခိုလှုံပြီး စစ်ရှောင်နေကြရတာတွေရှိပါတယ်” လို့ အထက်ပါကဗျာ ဆရာက ပြောပါတယ်။

ကန့်ဒေါင့်စခန်း သိမ်းပြီးနောက် ဇွန် ၂၃ နဲ့ ၂၄ ရက်တွေမှာ ပြည်သူ့လွတ်မြောက်ရေးတပ်-PLA နဲ့ပူးပေါင်းတပ်တွေဟာ အင်မထီးကနေထွက်လာတဲ့ စစ်ကြောင်းနဲ့ ထိတွေ့မှုတွေရှိပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုအပြင်းအထန်ပြုလုပ်နေတာကြောင့် စစ်ရေးဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။