myaelatt athan

Sharing Information to the Local

ရဲတပ်သားတွေမိုင်းဆွဲခံရပြီးနောက် ရန်ကုန်-ပြည်လမ်းမှာ လုံခြုံရေးတိုးမြှင့်ထား

မြေလတ်အသံ၊ဇွန် ၁၉၊ ၂၀၂၅။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှာ ရဲတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရန်ကုန်-ပြည်လမ်းပိုင်းကို စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုဆီက သိရပါတယ်။

ဇွန် ၁၈ ရက်မနက် ၁၁ နာရီကျော်က ရန်ကုန်- ပြည်လမ်းမရှိ စစ်ကွင်းတာဆုံရဲကင်းစခန်းကနေ ဆိုင်ကယ် ၅ စီးနဲ့ရဲ ၁၀ ဦးက မင်းလှမြို့ပေါ်ကိုပြန်လာချိန် ဂင်ဒိတ်ကုန်းကျေးရွာအဝင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

“ဆိုင်ကယ် ၄ စီးကရှေ့ကဗျ။ ၁ စီးက နောက်ကျကျန်နေတာ။ ၄ စီးကို အသင့်ထောင်ထားတဲ့မိုင်း ၁ လုံးနဲ့ ဆွဲတာဗျ။ မျက်မြင်တင် ထိုးလဲသွားတာ ၁ စီး။ ကျန်တဲ့အစီးတွေက ဖရိုဖရဲဖြစ်ပြီး ဆိုင်ကယ်တွေပါ လဲကုန်တာ။ အဲ့မှာ ၁ ကောင်က ပွဲချင်းပြီးသေတာ။”လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၄မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သေဆုံးသူနဲ့ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်သားတွေကိုတော့ မင်းလှမြို့ပေါ်ကနေ စစ်ကား ၁ စီးနဲ့ သယ်ဆောင်လာပြီးနောက် ပြည်မြို့ဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့ သူကဆိုပါတယ်။

အခုလိုမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်က ရန်ကုန်-ပြည်လမ်းပိုင်းရှိ မင်းလှမြို့နယ်ကနေ အုတ်ဖိုမြို့နယ်အထိ လမ်းတလျောက် စစ်အင်အား ၁၀၀ ကျော်ချခဲ့တယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

အဆိုပါလမ်းပိုင်းမှာ စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ချထားတာကြောင့် တိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ သွားလာမှုမပြုကြဖို့ကိုလည်း သူက သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ဇွန် ၁၆ရက်ကလည်း မင်းလှမြို့နယ်၊ ဆင်အိုင်ချောင်းပေါက်ကျေးရွာအနီးမှာ ၁ ကြိမ်၊ ရန်ကုန် -ပြည်လမ်းပိုင်းရှိ စစ်ကွင်းတာဆုံ ရဲကင်းစခန်းကို ၁ ကြိမ်နဲ့ ရှမ်းတောကျေးရွာအနီး ၁ ကြိမ် စုစုပေါင်း ၃ ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ဗိုလ်မှူး ၁ ဦး၊ ခရိုင်ရဲမှူး ၁ ဦး၊ မြို့မရဲစခန်းမှူး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်သား ၂၀ ဦးခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – စစ်ကောင်စီ စစ်ကြောင်းတခုအား တွေ့ရစဉ်။ (ပုံဟောင်း)

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။