မြေလတ်အသံ၊ ဇွန် ၁၉၊ ၂၀၂၅။
မကွေးတိုင်း၊ ထီးလင်းမြို့မရဲစခန်းအချုပ်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၃ ဦး ထွက်ပြေးနိုင်လွတ်မြောက်ခဲ့ပြီး ထွက်ပြေးစဥ်မိုင်းနင်းမိတာကြောင့် ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းPDF တပ်ရင်း ၇ ခုနဲ့ ဖွဲ့စည်းထားတဲ့ ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ရင်းများထံက သိရပါတယ်။
လွတ်မြောက်လာသူ နိုင်ငံရေးအကျဥ်းသား ၁၃ ဦးမှာ အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး ဇွန် ၁၇ ရက်ညပိုင်းမှာ အချုပ်ရဲ့သံတိုင်တွေကို ထွက် ပေါက်ဖြစ်အောင်လုပ်ပြီး ထွက်ပြေးလာခဲ့ကြတာလို့ ဆိုပါတယ်။
” သူတို့ ၁၃ ဦးက အချုပ်ကနေ ပြင်ဆင်နေတာကြာပြီပေါ့လေ။ ထွက်ပေါက်ရအောင် သူတို့ သံတိုင်စိုက်ထားတဲ့ဟာတွေကို ဂဟေတွေကို လက်အားနဲ့ပဲလုပ်ပြီးနေကြတယ်။ ကြိုးစားနေကြတယ်။ အဲ့လိုအပေါက်ဖြစ်အောင် ပွင့်နိုင်အောင် ကြိုးစားနေကြတာ ၃၊ ၄ လကြာခဲ့တယ်။”လို့ ကူညီစောင့်ရှောက်ပေးထားတဲ့ ထီးလင်းမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်းများမှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
၎င်းတို့ ၁၃ ဦးမှာ ထီးလင်းမြို့ပေါ်နဲ့ အနီးတဝိုက်ရွာတွေကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေးပုဒ်မ၊ နိုင်ငံတော်ပုန်ကန်မှုပုဒ်မ စတာတွေနဲ့ တရားစွဲခံထားရသူတွေဖြစ်ပြီး ၎င်းတို့အနက် အစောဆုံးဖမ်းဆီးခံရသူမှာ ၂၀၂၁ က ဖြစ်ကာ အထက်ပါပုဒ်မတွေနဲ့ အမှုဖွင့်ထားပေမယ့် ရုံးထုတ်စစ်ဆေးတာမရှိဘဲ ရဲစခန်းထဲမှာပဲ ချုပ်နှောင်ခံထားရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ထွက်ပြေးလွတ်မြောက်လာသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ၎င်းတို့ရဲ့လုံခြုံရေးအရ ပြောဆိုလို့မရကြောင်း အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ရဲစခန်းအချုပ်ကနေ ထွက်ပြေးလာစဥ် လမ်းပိုင်းတနေရာမှာ အသက် ၅၇ နှစ်အရွယ် အကျဥ်းသူအမျိုးသမီးဟာ စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိတာကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ မိုင်းနင်းမိပြီး ၁ နာရီအကြာမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
” မိုင်းနင်းမိတာက သူတို့သားမိ ၃ ဦးပါတဲ့ အုပ်စု၊ လူ ၅ယောက်ပါတဲ့အုပ်စု။ အဲ့ချိန်မှာ နောက်ဆုံးမှကျန်ခဲ့တဲ့အမေဖြစ်သူက မိုင်းကိုနင်းမိတယ်။ ဒဏ်ရာတွေက တကိုယ်လုံးမှာ ပြင်းပြင်းထန်ထန်ရပြီး သေဆုံးသွားတယ်”လို့ ၎င်းက ပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကို ဇွန် ၁၈ ရက်မနက်ပိုင်းအချိန်မှာ ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်းများမှ တပ်ဖွဲ့ဝင်တွေက ကောက်ယူသင်္ဂြိုဟ်ပေးလိုက်တယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ